ဘုတ်ပြင်းက သုံးရက်အကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှစ်ဆယ်ကျော်သေဆုံး
ဘုတ်ပြင်းက သုံးရက်အကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှစ်ဆယ်ကျော်သေဆုံး

ဘုတ်ပြင်းမြို့နယ်၊ ဘိုဒါးနဲ့ ချောင်းမွန်ရွာအနီးမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်၊ ကျဆုံးများခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
အခုလ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲငါးကြိမ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၂၄ ဦးထက်မနည်းကျဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တာလို့ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က ပြောပါတယ်။
“အမှန်တကယ် ပစ်လို့ထိပြီးသေနေတာမြင်လို့အတည်ပြုထားတာတွေပါ။ ဘာရည်ရွယ်ချက်နဲ့ စစ်ကြောင်းထိုးလာတာလဲဆိုတော့ ကျနော်တို့ထိုင်ထားတဲ့ အာဇီးရိုးဂိတ်ကို ရှင်းလင်းချင်လို့ပါ။” လို့ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ ဒုရဲအုပ် လပြည့် က ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေ ပြန်ဆုတ်သွားပေမယ့် အချိန်တစ်ခုရောက်ရင် ထပ်ပြီးတော့ ရောက်လာနိုင်တာကြောင့် အဲဒီအတွက်လည်းကြိုတင်ပြင်ဆင်ထားတယ်လို့ ဒုရဲအုပ်လပြည့်က ပြောပါတယ်။
အခုလ ၁၄ ရက်နေ့မှာ ဘိုဒါးရွာအနီးကိုရောက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်တိုက်ပွဲစဖြစ်ခဲ့တာပါ။
အခုလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့မှာတော့ အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ချောင်းမွန်ရွာအနီးကိုရောက်လာပြီး ဒေသအခေါ် R Zero ဆိုတဲ့နေရာမှာ တိုက်ပွဲထပ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၂၄ ဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့သလို သူတို့ရဲ့ တိုက်ခိုက်ရေးဒရုန်းနှစ်စီးကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေဘက်ကတော့ ထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်တဲ့နေရာတွေဟာ အရပ်သားနေအိမ်နဲ့ဝေးတဲ့နေရာတွေဖြစ်တဲ့အတွက် အရပ်သားထိခိုက်၊ ဒဏ်ရာရတာနဲ့ အိမ်ပျက်စီးတာတော့ မရှိဘူးလို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်း တော်လှန်ရေးမဟာမိတ်တပ်တွေဘက်က အသင့်ထောင်ထားတဲ့ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်တာ၊ ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်တွေဘက်ကတော့ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းတွေနဲ့ ဗုံးသီးချပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီတိုက်ပွဲတွေမှာ KNLA အမှတ်(၂၀၃)တပ်ရင်းမှ အမှတ်(၂)တပ်ခွဲ၊ အမှတ်(၃)တပ်ခွဲ၊ KNU ပြည်သူ့စစ်အဖွဲ့၊ ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)တပ်ရင်း၊ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့(Flying Star Foce)နဲ့ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဘုတ်ပြင်းရဲတပ်ဖွဲ့ဆီက သိရပါတယ်။
The Tanintharyi Times