ဖိလစ်ပိုင်၊ အာဆီယံထိုင်ခုံ နဲ့ မင်းအောင်လှိုင်
ဖိလစ်ပိုင်၊ အာဆီယံထိုင်ခုံ နဲ့ မင်းအောင်လှိုင်
အာဆီယံအထူးသံအဖြစ်ခန့်အပ်ခံရပြီးနောက် နှစ်လခန့်မှာမြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး မစ္စထရီဆာရဲ့ သုံးရက်တာခရီးစဉ်က အတိုက်အခံအင်အားစုတွေအတွက် ထူးပြီးမျှော်လင့်စရာမရှိပေမဲ့ စစ် ခေါင်းဆောင်မင်းအောင်လှိုင်အတွက်တော့ လာမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာ သူ့ထိုင်ခုံနေရာပြန်ထိုင် ခွင့် ရှိသွားမလားဆိုတာက စိုးရိမ်စရာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဒုတိယပတ်အတွင်းမှာ အာဆီယံအထူးသံအဖြစ် ခန့်အပ်ခံရတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန် ကြီး မစ္စထရီဆာဟာ စစ်ကော်မရှင်ရဲ့ ပထမအသုပ်ရွေးကောက်ပွဲအလွန် ရက်သတ္တပတ်အကျော်မှာ မြန်မာနိုင်ငံကို ကြိုတင်သတင်းထွက်ပေါ်မှု နည်းပါးစွာနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
သုံးရက်တာမြန်မာနိုင်ငံခရီးစဉ်မှာ မစ္စထရီဆာဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ စစ်ကော်မရှင်ဝန်ကြီးချုပ် ညိုစော၊ နိုင်ငံခြားရေးဝန်ကြီးသန်းဆွေတို့နဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လို အတိုက်အခံခေါင်းဆောင် တွေကို တွေ့ဆုံဖို့ တောင်းဆိုတာမျိုးထားလို့ လက်ရှိရွေးကောက်ပွဲဝင်နေတဲ့ပါတီတွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ ဆုံခဲ့တာမျိုးတောင် မရှိခဲ့ဘူးဖြစ်ပါတယ်။
စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ လူစေလွှတ်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု အာ ဆီယံအထူးသံရဲ့ မြန်မာနိုင်ငံခရီးစဉ်အပြီး ထုတ်ပြန်ချက်အရလည်း မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံမူငါးချက်ကို ဆက်လက်အကောင်အထည်ဖော်မယ်ဆိုတဲ့ အချက်ကလွဲပြီး အတူလက်ဆွဲနှုတ်ဆက်ဓာတ်ပုံရိုက်၊ အပြန်အလှန် လက်ဆောင်ပစ္စည်းလဲလှယ်မှုသာ သမရိုးကျ ရှိခဲ့တာဖြစ်ပါတယ်။
မစ္စထရီဆာရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ အရင်ကလာရောက်ခဲ့တဲ့ အာဆီယံသံတွေနည်းတူ မြန်မာ့နိုင်ငံရေးအကျပ် အ တည်းကို ဖြေရှင်းနိုင်ဖို့ ခွန်အားစိုက် အားထုတ်မှုမတွေ့ရသလို စီနီယာအာဆီယံသံတချို့ လုပ်ဆောင်ခဲ့တဲ့ အမျိုး သား ညီညွတ်ရေးအစိုးရအဖွဲ့ဝင်တချို့နဲ့ တွေ့ဆုံဆွေးနွေးတာမျိုးတောင် မရှိခဲ့ပါဘူး။
ဒါက သုံးသပ်လေ့လာသူတချို့ ကြိုတင်စိုးရိမ်ခဲ့တဲ့ စစ်ကော်မရှင်ရဲ့ ဒီဇင်ဘာ ၂၈ ရွေးကောက်ပွဲအလွန်မှာ မြန်မာကို အာဆီယံက ဘယ်လို ဆက်ဆံမလဲဆိုတာ အဲဒီအချိန်မှာ အာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူထားတဲ့ နိုင်ငံအပေါ် အများကြီး မူတည်တယ်ဆိုတဲ့ အချက်ကို ပိုပြီးကြီးထွားစေခဲ့တာလည်းဖြစ်ပါတယ်။
လက်တွေ့မှာလည်း ဖိလစ်ပိုင်က အာဆီယံအလှည့်ကျတာဝန်ယူလာတဲ့အခါ မြန်မာ့အရေးထက် တောင်တရုတ်ပင် လယ်အငြင်းပွားမှုကို ပိုပြီး အာရုံစိုက်နိုင်ခြေပိုများနေခဲ့သလို အငြင်းပွားမှုပေါ် အခြေတည်ရှိနေတဲ့ တရုတ်အစိုးရနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့အကြောင်းက ဦးစားပေးရှိနိုင်ခြေများနေခဲ့တာလည်း အသေအချာပါပဲ။
အထူးသဖြင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ စည်းကမ်းလိုက်နာဋီကာ (the Code of Conduct in the South China Sea-COC) ပိုမိုတိုးတက်အောင်မြင်မှုခြေလှမ်းကိုရယူဖို့ အားထုတ်မှာ အသေအချာပဲဖြစ်ပါတယ်။
ဒါက တိုက်ရိုက်သက်ဆိုင်တဲ့အကျိုးစီးပွားအဖြစ်လည်းတစ်ဖက်မှာရှိနေခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ အာဆီယံရဲ့ မူနှစ်ချက် ဖြစ်တဲ့ ‘ဝင်ရောက်မစွက်ဖက်ရေးနဲ့ အများဆန္ဒ’ဆိုတဲ့ကိစ္စကလည်း မြန်မာ့အရေးကိုအလွယ်တကူ ကျော်ခွနိုင်ဖို့ အခွင့်အရေးရှိထားနေတာကိုလည်း မေ့ထားလို့မရပါဘူး။
တခြားတစ်ဖက်ကကြည့်ရင် အတိုက်အခံအင်အားစုတွေက‘အတုအယောင်’ လို့တကြော်ကြော်အော်နေပေမဲ့ တရုတ်ရဲ့ နောက်ခံအင်အားမှာ တအိအိရွှေ့လာတဲ့ စစ်ကော်မရှင်ရွေးကောက်ပွဲရဲ့ အရွေ့ကလည်း ရှိနေခဲ့တာဖြစ်ပါ တယ်။ တကယ်တမ်းမှာ ဒီအရွေ့ကို တွန်းရွှေ့နေတဲ့ တရုတ်ရဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးမှုက ပစ်ပယ်ထားလို့ မရပါဘူး။
စစ်အာဏာသိမ်းမှု ၂၀၂၁ ခုနှစ်ကာလနောက်ပိုင်း မြန်မာ့အရေးနဲ့ပတ်သက်လို့ ရပ်တည်ခဲ့တဲ့ တရုတ်ရဲ့ရပ်တည်ချက်တွေနဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန် ၂၀၂၄ ခုနှစ်ဩဂုတ်လအတွင်း ဝမ်ယိကိုယ်တိုင်နေပြည်တော်ကို လာရောက် ပြီးအာဏာရှင်သန်းရွှေ ၊ မင်းအောင်လှိုင်တို့နဲ့တွေ့ဆုံပြီးနောက်မြန်မာ့အရေးနဲ့ပတ်သက်လို့တရုတ်ရဲ့ရပ်တည်ချက် တွေကို လေ့လာကြည့်ရင် ‘မေ့ထားလို့မရဘူး’ ဆိုတဲ့ အချက်က သိသာစေတာပဲဖြစ်ပါတယ်။
ဒီနေရာမှာ ထပ်ဆောင်းအကျယ်ချဲ့ပြောရရင် မဖြစ်လာနိုင်ပါဘူးလို့ဆိုခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ ထွက်ပေါက်ရွေးကောက်ပွဲဟာ တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်နဲ့ သဘောတူညီမှုဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာ ရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းကပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလနောက်ဆုံးပတ်ထဲ(ပထမအကြိမ်ရွေးကောက် ပွဲအပြီးတစ်ရက်) နေပြည်တော်ကိုရောက်ရှိတုန်း တရားဝင်ထုတ်ဖော်ပြောဆိုလာတဲ့ ဂုဏ်ယူစကားကလည်း သတိ ချပ်ရမယ့်အကြောင်း ဖြစ်ပါတယ်။
ဒါတွေရဲ့အလွန်ဖြစ်တဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ကြည့်မယ်ဆိုရင်လည်း တတိယပိုင်းကာလအလွန် မျှော် မှန်းချက်အရ လွှတ်တော်ခေါ်ယူမှုနဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းမှုဟာ မတ်နဲ့ဧပြီလ အတွင်းမှာ အချိန်ကိုက်ရှိနေခဲ့တာ ဖြစ် ပါတယ်။
ဒီအခြေအနေတွေက အာဆီယံအထူးသံရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ တရုတ်ရဲ့ မြန်မာ့အရေးပါဝင်ပတ်သက်မှု အခန်း ကဏ္ဍမှာ မင်းအောင်လှိုင်ကို အာဆီယံစင်မြင့်ထိုင်ခုံဆီ ပြန်ရောက်လာဖို့ စိုးရိမ်စရာပတ်သက်မှု ဘာအကြောင်းလဲရှိ လဲလို့ မေးခွန်းရှိနိုင်ပေမဲ့ အကျိုးစီးပွားဆိုတဲ့ခေါင်းစဉ်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့အကြောင်းတရား အားလုံးကို အမြဲမှိန်ဖျော့သွားစေခဲ့တယ်ဆိုတဲ့အချက်က အမှန်တရားတစ်ခုအဖြစ် ကမ္ဘာကြီးပေါ်မှာ ရှိနေခဲ့တာ မေ့ ထားလို့မရပြန်ပါဘူး။
၁၀၂၇ နောက်ပိုင်း မြန်မာနိုင်ငံတွင်းက စစ်ရေးအရှိန်အားလုံးကို ရပ်တန့်သွားစေပြီး တိုင်းရင်သားတော်လှန်ရေး အင်အားစုတွေနဲ့ နယ်မြေတွေကို နယ်ရုပ်တစ်ခုလို စီမံခဲ့သလို မြစ်ဆုံစီမံကိန်းလို အကျိုးစီးပွားကနေ မြန်မာနိုင်ငံ အတွင်းက သူ့ရဲ့အကျိုးစီးပွားတွေအတွက်တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်ကျားကွက်ကို အခြေခံပြီး အာ ဆီယံစင်မြင့်ထက် မင်းအောင်လှိုင်ရောက်လာဖို့ ဖိလစ်ပင်းကို အဆုတ်အတက် မလုပ်ဘူးလို့ မပြောနိုင်တဲ့အချက်ပါ ပဲ။
ဒါက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာနဲ့ ဒီဇင်ဘာထဲ ပြုလုပ်ခဲ့တဲ့ မဲခေါင်ဒေသခေါင်းဆောင်များ GMS(Greater Mekong Subregion)ထိပ်သီးညီလာခံနဲ့ ထိုင်းက ကမကထပြု လုပ်ဆောင်ခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ တွေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပလ္လင်ပေါ်ဆွဲတင်ပြီး အာဆီယံစင်မြင့်ကတစ်ဆင့် မြန်မာ့အရေးကို ‘ညှိနှိုင်း ဆွေးနွေးမှု’ လမ်းကြောင်းဆီ တွန်းတင်နေခဲ့တဲ့ တရုတ်ရဲ့အကြံအစည်ကိုအထင်အရှားမြင်နေခဲ့ရတာဖြစ်ပါတယ်။
စီနီယာအာဆီယံအထူးသံတွေနဲ့ကွဲပြားစွာ နေပြည်တော်ကို ရောက်လာခဲ့ပြီး စစ်ကော်မရှင်အင်အားစုပဲ တွေ့ဆုံခဲ့ သလို ရွေးကောက်ပွဲအလွန် အစိုးရအဖွဲ့ ဖွဲ့စည်းပြီးချိန်လောက်နဲ့ တိုက်ဆိုင်စွာရှိနေခဲ့တဲ့ အာဆီယံထိပ်သီး အစည်း အဝေးအတွက်ဖိလစ်ပင်းဟာ မင်းအောင်လှိုင်ကို ပလ္လင်ပေါ်ဆွဲတင်နေတဲ့ တရုတ်နဲ့ပါဝါအားပြိုင်နိုင်ပါ့မလားဆို တာ ကြိုတင်မေးခွန်းပေါက်ထားတဲ့ စာမေးပွဲတစ်ခုလို ရှိနေခဲ့တာပါပဲ။
ဖိလစ်ပိုင်ဟာ ဒီအခြေအနေပေါ်မှာ အာဆီယံအလှည့်ကျ ဥက္ကဌရာထူးမျက်နှာ အိုးမဲမသုတ်မိအောင် ဘယ်လို ကိုင် တွယ်မလဲဆိုတာကတော့ အခုလကုန်မှာရှိနေတဲ့ မြန်မာ့အရေး အာဆီယံရဲ့ အစည်းအဝေးအလွန် ရလဒ်ကို စောင့် ကြည့်ရမှာပဲ ဖြစ်ပါတော့တယ်။
မာအောင်
The Tanintharyi Times
