မောင်မယ်ရှောင်ရွာမှာ တိုက်ပွဲဖြစ်ပြီးနောက် ကလေးအပါအဝင် ရွာခံတစ်ရာကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီး

မောင်မယ်ရှောင်ရွာမှာ တိုက်ပွဲဖြစ်ပြီးနောက် ကလေးအပါအဝင် ရွာခံတစ်ရာကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီး

ထားဝယ်နည်းပညာတက္ကသိုလ်အနီးက မောင်မယ်ရှောင်ရွာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွါးပြီးနောက် စစ်ကောင်စီတပ်သားတွေက ရွာခံတစ်ရာကျော်ကို နှစ်နာရီကျော် ကြာအောင် ဖမ်းဆီးထားခဲ့တယ်လို့ ​ဒေသခံတွေကပြောပါတယ်။

မောင်မယ်ရှောင်ရွာရဲ့ အရှေ့ပိုင်း၊ အလယ်ပိုင်းနဲ့ ရွာအထွက် လမ်းမကြီးပေါ်နေရာတွေမှာ ဒီကနေ့မနက် ၈ နာရီခွဲဝန်းကျင်လောက်ကစပြီး ၉ နာရီခွဲလောက်အထိ တစ်နာရီလောက်ကြာအောင်လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှု​​တွေဖြစ်ပွါးခဲ့တာပါ။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေက ရွာထဲမှာရှိတဲ့ ကလေးသူငယ်၊ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးတွေအပါအဝင် ရွာသားတစ်ရာကျော်လောက်ကို ဖမ်းဆီးခဲ့တာလို့ ရွာခံတွေကဆိုပါတယ်။

“အသက်ငါးနှစ်အရွယ် ကလေးကအစဖမ်းတယ်။ ရွာထိပ်ကနေ ရွာထဲအထိ တလမ်းလုံးကိုတအိမ်တက်ဆင်းဖမ်းတာ” လို့ဒေသခံတစ်ဦးကပြောပါတယ်။

ဖမ်းဆီးသွားပြီးနောက် ရွာသားတွေကိုရွာလယ်က ရှင်ဓာတ်ဝဲဘုရားရှေ့မှာထိုင်ခိုင်းထားပြီး စစ်ကြောင်းပြန်ထွက်တဲ့ နေ့လယ် ၁၂ နာရီခွဲအချိန်လောက်မှ အားလုံးကိုပြန်လွှတ်ပေးခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သားတွေဟာ မောင်မယ်ရှောင်ရွာကနေ ဇဟာရွာဘက်ကို ပြန်ထွက်ချိန် တံတားဖြူအနီးမှာ ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်ခဲ့သေးတယ်လို့ သိရပါတယ်။ တိုက်ပွဲနဲ့ မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဥ်အသေးစိတ်နဲ့ နှစ်ဖက်ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။

အဲဒီစစ်ကောင်စီတ​ပ်သားတွေဟာ ရွာထဲက ဆိုင်ကယ် အစီး ၅၀ ဝန်းကျင်နဲ့ ရွာသားတွေရဲ့လက်ကိုင်ဖုန်းအများအပြားကိုလည်း ယူဆောင်သွားတယ်လို့ ရွာခံတွေပြောပြချက်အရ သိရပါတယ်။ ဒီနေ့မနက် တိုက်ခိုက်ခံရတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သားတွေဟာ မောင်မယ်ရှောင်ရွာတဝိုက်ကိုမနေ့ကတည်းက ရောက်ရှိနေပြီး အနီးအနားဝန်းကျင်ကိုတပ်ဖြန့်သွားလာနေတာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မောင်မယ်ရှောက်ရွာဟာ ထားဝယ်မြို့နဲ့ ၇ မိုင်ခန့်အကွာလောက်မှာ ရှိပြီးရန်ကုန်-ထားဝယ် လမ်းမကြီးပေါ်မှာရှိတဲ့ ရွာကြီးတရွာဖြစ်ပါတယ်။

The Tanintharyi Times