၂၀၂၂ ခုနှစ်မှာ ပင်လယ်ဖြတ်ကျော် ထွက်ခွာဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ အရေအတွက် ငါးဆ တိုးလာတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ထုတ်ပြန်
၂၀၂၂ ခုနှစ်မှာ ပင်လယ်ဖြတ်ကျော် ထွက်ခွာဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ အရေအတွက် ငါးဆ တိုးလာတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ထုတ်ပြန်
၂၀၂၂ ခုနှစ်အတွင်း ပင်လယ်ပြင်ကတဆင့် ထွက်ပြေးတဲ့ မြန်မာ နဲ့ ဘင်္လားဒေ့ နိုင်ငံတွေက ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက် ၅ ဆ တိုးလာတယ်လို့ ကုလသမဂ္ဂကထုတ်ပြန်လိုက်ကြောင်း ရိုက်တာသတင်းမှာ ဇန်နဝါရီလ ၁၇ ရက်နေ့က ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်မှာ ရေကြောင်းကနေ ထွက်ပြေးကြတဲ့ ဒုက္ခသည်ပေါင်း ၃,၅၀၀ ကျော် ရှိခဲ့ပြီး ဒါဟာ အရင်နှစ်ကထက် ၅ ဆ ပိုများတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အင်္ဂါနေ့ ဖော်ပြခဲ့တာပါ။
ဒီ အရေအတွက်အရ ၂၀၂၂ ဟာဆိုရင် ၂၀၁၄ ခုနှစ်ကနေ ယနေ့အချိန်အထိ ရိုဟင်ဂျာလူမျိုးစုတွေရဲ့ အသေအပျောက်အများဆုံးနှစ်လို့ သတ်မှတ်နိုင်တယ်လို့ ဆိုပါတယ်။
ယမန်နှစ်က ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့ကို ဖြတ်ကူးဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ ၃၄၈ ဦးထက် မနည်းဟာ ယနေ့တိုင် ပျောက်ဆုံးနေဆဲဖြစ်တာကြောင့် သေဆုံးသွားပြီလို့ ယူဆလို့ရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ရိုဟင်ဂျာ ၁၈၀ ဦး လိုက်ပါလာတဲ့ လှေတစ်စင်း နှစ်မြုပ်ခဲ့တာကြောင့် ရိုဟင်ဂျာ သေဆုံးမှု စိုးရိမ်ဖွယ် အဆင့်ထိ မြင့်တက်ခဲ့တာလို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။
၂၀၂၂ မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ သူတို့ကြုံရတဲ့ အခက်အခဲတွေ ပိုများလာလို့ ရေကြောင်းနဲ့ ထွက်ပြေးရတာတွေ သိပ်များလာတာဖြစ်မယ် လို့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ဆိုပါတယ်။
မွတ်ဆလင်အများစုနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်မှာ မြန်မာနိုင်ငံက လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းနီးပါး ခိုလှုံနေကြရပြီး အများစုဟာ ၂၀၁၇ ခုနှစ်က မြန်မာ စစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ထွက်ပြေးသွားရသူတွေ ဖြစ်ပါတယ်။
ပင်လယ်ပြင်ကနေ ရိုဟင်ဂျာတွေကို တင်ဆောင်လာတဲ့ လှေအများစုဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့က ထွက်ခွာလာတာဖြစ်ပြီး မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် တို့မှာ ဆိုက်ကပ်တာ များတယ်လို့ UNHCR က ဆိုပါတယ်။
၂၀၁၄ ခုနှစ်မှာ ရိုဟင်ဂျာ ၆၀,၀၀၀ နီးပါး ပင်လယ်ရေကြောင်းကနေ ထွက်ပြေးခဲ့ကြပြီး လူ ၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ ခန့်မှန်းရကြောင်း UNHCR ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒီလို အန္တရာယ်များတဲ့ ပင်လယ်ခရီးတွေမှာ လိုက်ပါလာတဲ့ အမျိုးသမီးနဲ့ ကလေး အရေအတွက်ဟာ ၄၅ ရာခိုင်နှုန်းနီးပါး ပါဝင်လာတဲ့အပြင် ၂၀၂၁ ခုနှစ်ကထက် ၇ ရာခိုင်နှုန်း တိုးလာတယ်လို့ သိရပါတယ်။
Ref: Reuters
The Tanintharyi Times
