ရှပ်ပုံရွာက ရွာသားတစ်ဦးကို စစ်တပ်က လည်လှီးသတ်ဖြတ်ပြီး ရွှေဆွဲကြိုးယူသွားတယ်လို့ဆို

ရှပ်ပုံရွာက ရွာသားတစ်ဦးကို စစ်တပ်က လည်လှီးသတ်ဖြတ်ပြီး ရွှေဆွဲကြိုးယူသွားတယ်လို့ဆို

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံရွာက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေက လည်လှီးဖြတ်ပြီး ရွှေဆွဲကြိုးတစ်ကုံးကိုပါ လုယူသွားတယ်လို့ ဒေသခံတွေနဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်သားတွေကပြောပါတယ်။

အသတ်ခံရသူဟာ အသက် ၃၃ ဝန်းကျင်အရွယ် ကိုလင်းလင်းဝေ (ဒေသအခေါ်) ဘူး ဆိုသူဖြစ်ပြီး အခုလ ‌၁၆ ရက်နေ့ညက တိုက်ပွဲပြီးပြီအထင်နဲ့ ရွာထဲ ဝင်လာချိန် အသတ်ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“လည်လှီးသတ်ပြီးရွှေကြိုးတကုံးပါယူသွားတယ်။ အဲဒီလူက ရေလုပ်သား။ ပင်လယ်ကဝင်လာတဲ့ အချိန် အခုလိုဖြစ်သွားတာပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိရှပ်ပုံရွာ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်သား ၂၀ ခန့် စခန်းချ တပ်စွဲထားတယ်လို့ သိရပါတယ်။

“အရင်က ဘုန်းကြီးကျောင်းနဲ့ အုပ်‌ချုပ်ရေးမှူးရုံး နှစ်နေရာမှာ တပ်စွဲထားတယ်။ တိုက်ပွဲဖြစ်ပြီး စာသင်ကျောင်းမှာပဲ တပ်စွဲတော့တယ်။ စာသင်ကျောင်းမှာနေရင် pdf တွေ မလုပ်လောက်ဘူး အထင်နဲ့ ဖြစ်မှာပေါ့” လို့ သူက ဆက်ပြောပါတယ်။

အဲဒီရွာထဲကို ပုလောမြို့နယ်ထဲရှိ မကျည်းကုန်းရွာနဲ့ ရှပ်ပုံရွာမှာအထိုင်ချထားတဲ့ လက်နက်ကြီးတပ်ဆင်ထားတဲ့ နေရာတွေကနေ နှစ်ဖက်ညှပ်ပစ်ခတ်နေပြီး အိမ်ထိခိုက်ပျက်စီးတွေလည်းရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်‌တွေဆီက သိရပါတယ်။

ရှပ်ပုံရွာနဲ့ မကျည်းကုန်းရွာဟာ ချောင်းတစ်ခုခြားပြီး ၃ မိုင်ခန့်သာဝေးတဲ့ ရွာတွေဖြစ်ပါတယ်။

အခုလ ၁၆ ရက်နေ့ နေ့လည်ကလည်း အဲဒီရွာမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာပါဝင်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးခဲ့ကာ pdf တွေဘက်က လက်နက်တစ်ချို့ သိမ်းဆည်းရရှိခဲ့ပါတယ်။

The Tanintharyi Times