ရေဖြူမြို့ကို တော်လှန်ရေးတပ်တွေ ခေတ္တထိန်းချုပ်နိုင်ပြီးမှ ပြန်ဆုတ်ခဲ့ရတယ်လို့ဆို
ရေဖြူမြို့ကို တော်လှန်ရေးတပ်တွေ ခေတ္တထိန်းချုပ်နိုင်ပြီးမှ ပြန်ဆုတ်ခဲ့ရတယ်လို့ဆို
ထားဝယ်ခရိုင်ထဲက ရေဖြူမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ခေတ္တထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်အုပ်စုဘက်က စစ်အုပ်စုဘက်က လက်နက်ကြီးတွေနဲ့ ပြည်သူလူထုတွေရှိတဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ပြန်လည်ဆုတ်ခွါခဲ့ရတယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်က ရေဖြူမြို့ပေါ်က ထွေအုပ်ရုံး၊ မြို့မရဲစခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
တပြိုင်တည်းမှာပဲ ရေဖြူမြို့နယ်ထဲက စစ်အုပ်စုတပ်ရင်းတွေဖြစ်တဲ့ ခမရ ၄၀၆၊ ခမရ ၄၀၇၊ အမတ ၃၀၄ စတဲ့တပ်ရင်းတွေနဲ့ စစ်အုပ်စုတပ်စွဲထားတဲ့ ရေဖြူတံတားစစ်ဆေးရေးဂိတ်၊ ရပ်တော်မူဘုရားယာယီစခန်းတို့ကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေဟာ စစ်အုပ်စုကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ အခုလိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွေးကောက်ပွဲကော်မရှင်ရုံး နဲ့ အုပ်ချုပ်ရေးယန္တရားအဆောက်အအုံတွေနဲ့ ရဲစခန်းထဲက နေရာတချို့ကို မီးရှို့ရှင်းလင်းဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲမှာ စစ်အုပ်စုတပ်ဘက်က ထိခိုက်သေဆုံးမှုရှိပေမယ့် အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်တွေအနေနဲ့ စစ်အုပ်စုကို အစဉ်ဆက်မပြတ် တွန်းလှန်တိုက်ခိုက်သွားမယ်လို့ သတိပေးထားပြီး အသိအမြင်မှန်ရလို့ အလင်းဝင်ရောက်လာမယ့် စစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့ဝင်တွေကို ဆက်လက်ကြိုဆိုသွားမယ်လို့ အသိပေးထားပါတယ်။
အခုတိုက်ခိုက်မှုကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း၊ ဗျူဟာ (၃၃) ဒေါနစစ်ကြောင်း (၃) KBDF၊ ဗျူဟာ (၃၃) ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့)၊ ရေဖြူပကဖ၊ Ba Htoo Army၊ ဂျိုးဖြူပြောက်ကျား၊ ထားဝယ်အရှေ့တောတပ်ဖွဲ့ – DEFPDF၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး – DDPDF၊ Aဒင်မှူး၊ DNU၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ စတဲ့တော်လှန်ရေးတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
ရုပ်သံ – ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်
The Tanintharyi Times
