ပုလောမှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၂ဦးသေဆုံး

ပုလောမှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ၂ဦးသေဆုံး

ဓာတ်ပုံ - PPDF တပ်ဖွဲ့ဝင်တစ်ဦး(ပုံဟောင်း)

ပုလောမြို့နယ် ၊ ပုလောကုန်းကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊မြိတ်ခရိုင်တပ်ရင်း(၁)၊ တိုက်ခိုက်ရေးတပ်ခွဲ(၁) က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ပုလော PDF ကသတင်းထုတ်ပြန်ပါတယ်။

နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်တို့မှာ နှစ်ကြိမ်သွားရောက်တိုက်ခိုက်ခဲ့တာပါ။

စက်တင်ဘာ ၁၅ ရက် ညနေ ၃ နာရီသွားရောက်တိုက်ခိုက်မှုမှာ နှစ်ဖက်လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှု ၁နာရီခွဲခန့်အကြာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်မှုလည်းများပြားခဲ့တယ်လို့ ပုလော PDFတာဝန်ရှိသူကဆိုပါတယ်။

” အတည်ပြုလို့ရတာကတော့ ၂ ဦးပေါ့ ။ ဒီကောင်တွေ လက်နက်ကြီးပြောင်းကွဲပြီး ပေါက်ကွဲမှုဖြစ်သေးတယ်။ အဲဒီမှာလည်း ထိခိုက်မှုများတယ်” လို့ ပုလောPDF တာဝန်ရှိသူကပြောပါတယ်။

မနေ့ကမနက် ၁၁ နာရီဝန်းကျင်အချိန်မှာလည်း စစ်ကောင်စီတပ်သားတွေကို ထပ်မံသွားရောက်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

ဒီနေ့တိုက်ခိုက်မှုမှာလည်း စစ်ကောင်စီဘက်ထိခိုက်မှုရှိပေမယ့် အသေးစိတ်ကိုမသိရသေးဘူးလို့ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ ရဲဘော် တစ်ဦး မိုင်းစထိမှန် ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့သိရပါတယ်။

The Tanintharyi Times