ထားဝယ်ထောင်က အကျဥ်းသား ၂၃ ဦးလွှတ်ပေးရာမှာ နိုင်ငံရေးအကျဥ်းသားတစ်ဦးသာပါဝင်
ထားဝယ်ထောင်က အကျဥ်းသား ၂၃ ဦးလွှတ်ပေးရာမှာ နိုင်ငံရေးအကျဥ်းသားတစ်ဦးသာပါဝင်

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဒီနေ့မှာ ထားဝယ်အကျဥ်းထောင်ကနေ အကျဥ်းသူ၊ အကျဥ်းသား ၂၃ ဦးကို လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးသာပါဝင်တယ်လို့ အကျဥ်းသားမိသားစုဝင်တွေက ပြောပါတယ်။
လွတ်မြောက်လာသူအားလုံးနီးပါးဟာ ခိုးမှု၊ လုယက်မှုအပါဝင် ရာဇဝတ်မှုတွေနဲ့ထောင်ကျနေသူတွေဖြစ်ပြီး နိုင်ငံရေးအကျဥ်းသားကတော့ တစ်ဦးသာပြန်လွတ်လာတယ်လို့ အကျဥ်းသားမိသားစုဝင်တွေဆီက သိရပါတယ်။
လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားကတော့ ၅၀၅-က ပုဒ်မနဲ့ ထောင်ကျခံနေရတဲ့ ကိုကျော်သူရအောင်ဖြစ်ပြီး လွတ်ဖို့ ရက်နီးနေသူလည်းဖြစ်တယ်လို့ သိရပါတယ်။
“အစက နိုင်ကျဥ်း မိန်းကလေးတစ်ယောက်ပါတယ်ဆိုပြီး သတင်းထွက်လာတယ်။ တကယ်တမ်း မလွတ်လာဘူး” လို့ ထောင်ရှေ့မှာသွားရောက်စောင့်ဆိုင်းနေတဲ့ အကျဥ်းသားမိသားစုဝင်တစ်ဦးက ပြောပါတယ်။
ဒီနေ့မနက်မှာလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသား ကိုကျော်သူရအောင်ဟာလည်း လာမယ့်မေလမှာ လွတ်ရက်စေ့နေတဲ့သူဖြစ်တယ်လို့ နီးစပ်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီကတော့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ ကျခံဖို့ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့်ပြုတယ်လို့ ဒီနေ့မနက်မှာစာထုတ်ပြန်ပါတယ်။
တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဥ်းထောင်၊ အချုပ်ထောင်တွေက အကျဥ်းသားနဲ့ အကျဥ်းသူ ၄၈၉၃ ဦးလွတ်ငြိမ်းခွင့်ထဲမှာ ပါဝင်တယ်လို့ စစ်ကောင်စီကဆိုပါတယ်။
ထားဝယ်အကျဥ်းထောင်မှာ အခုလက်ရှိ နိုင်ငံရေးအကျဥ်းသားနဲ့ အကျဥ်းသူ ၄၀၀ ဝန်းကျင်အထိရှိနေတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီး လေးနှစ်ကျော်လာလအတွင်း အကျဥ်းထောင်တွေကနေ လွတ်ငြိမ်းခွင့်ပေးတာတွေ အကြိမ်ရေအများအပြားရှိခဲ့ပေမဲ့ နိုင်ငံရေးအကျဥ်းသားကတော့ အနည်းအကျဥ်းသာပါဝင်ခဲ့ပါတယ်။
The Tanintharyi Times