စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွေကြားက အစ္စလာမ်ဘာသာဝင် ဥပုသ်သည်ရဲဘော်တွေ
စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွေကြားက အစ္စလာမ်ဘာသာဝင် ဥပုသ်သည်ရဲဘော်တွေ
စစ်အာဏာရှင်တော်လှန်ရေးဟာ လူမျိုးတစ်မျိုး၊ ဘာသာတစ်ခုတည်းရဲ့တော်လှန်ရေးမဟုတ်ပါဘူး။ တနိုင်လုံးမှာရှိတဲ့ မြန်မာနိုင်ငံသားအသီးသီးရဲ့ တော်လှန်ရေးတစ်ရပ်ဖြစ်ပါတယ်။ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေ အသီးသီးရှိနေတဲ့ မြန်မာနိုင်ငံမှာ လူနည်းစုဖြစ်တဲ့ ဘာသာဝင်တွေဟာ စစ်အာဏာရှင် တော်လှန်ရေးမှာ ကဏ္ဍအသီးသီးကနေ ပါဝင်နေကြတာပါ။
အခုကာလက အစ္စလာမ်ဘာသာဝင်တွေအတွက် အရေးကြီးတဲ့ ရမ်ဇာန် ဥပုသ်လဖြစ်ပါတယ်။ အဲဒီ ဥပုသ်ကာလမှာ အစ္စလာမ်ဘာသာဝင်တွေဟာ တစ်နေကုန် အစာမစား၊ ရေမသောက်ဘဲ ဥပုသ်စောင့်ကြရပါတယ်။ ဒီလိုဥပုသ်စောင့်ထိန်းနိုင်ဖို့အတွက် သာမာန် အချိန်မှာ အဆင်ပြေနိုင်ပေမဲ့ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ တိုက်ပွဲတွေထဲရောက်နေတဲ့ အစ္စလာမ်ဘာသာဝင် ရဲဘော်တွေ ကတော့ အခက်အခဲရှိကြမှာ အသေအချာပါပဲ။
တနင်္သာရီတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲမှာ ရှိနေတဲ့ အစ္စလာမ်ဘာသာဝင် ရဲဘော်တွေကကော ဒီရမ်ဇာန်ကာလမှာ ဥပုသ်စောင့်ဖြစ်ရဲ့လား၊ တိုက်ပွဲတွေ ကြားကနေ ဥပုသ်စောင့်ဖို့ ဘယ်လိုတွေ ကြိုးပမ်းနေကြရလဲ။ သူတို့အတွက် ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲဆိုတာကို မေးမြန်းပြီး တောင်ပိုင်းသားတို့အသံ အစီအစဥ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
▪️ရဲဘော်ဥဩ
လက်နက်ရိက္ခာ၊ ပစ္စည်းထိန်းသိမ်းရေးတာဝန်ခံ၊
တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့
မေး – အခုလက အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ်ဇာန်ဥပုသ်လဆိုတော့ ဒီနှစ် ဥပုသ်စောင့် ဖြစ်လား။
ဖြေ – ဥပုသ်စောင့်ဖြစ်ပါတယ်။ တော်တော်များများ ရဲဘော်တွေအားလုံး ဥပုသ်စောင့်ဖြစ်ကြပါတယ်။
မေး – သာမန်အချိန်မှာ ဥပုသ်စောင့်ရတာနဲ့ အခုလိုမျိုး အခြေအနေမျိုးမှာ ဥပုသ်စောင့်ရတာဘာကွာတယ်လို့ထင်လဲ။
ဖြေ – အများကြီးကွာပါတယ်။ တကယ်တမ်း ဥပုသ်စောင့်တယ်ဆိုတာက ကောင်းမှုကုသိုလ်ရစေချင်း အလို့ငှာ အမိန့်နာခံခြင်း တစ်မျိုးပါ။ ဥပုသ်စောင့်ပြီး အေးအေးဆေးဆေးနေပြီး ကုသိုလ်ဘာဝနာ ရှာရမှာပါ။ အခုတော့ စိတ်အေးလက်အေး မနေရတော့ ကွာတာတော့ ကွာပါတယ်။
မေး – တပ်ဖွဲ့တွေမှာကော အစ္စလာမ်ဘာသာဝင်ရဲဘော်တွေအတွက် ရမ်ဇာန်ကာလမှာ ဥပုသ်စောင့်နိုင်အောင် လုပ်ဆောင်ပေးတာမျိုးရှိလား။
ဖြေ – တပ်ဖွဲ့ထဲမှာ ကျနော်တို့ အစ္စလာမ်ရဲဘော်တွေအတွက် စယ်ရီစားတာနဲ့ ဝါဖြေတာရယ်အတွက်ကို သီးသန့်ပြင်ဆင်ပေးရမလားဆိုပြီးတော့ ရဲဘော်တွေအားလုံးရဲ့ ဆန္ဒကိုမေးကြည့်တဲ့အခါမှာ သူတို့ရဲ့ဆန္ဒက အိမ်မှာပဲ လုပ်ကြဖို့ဆန္ဒရှိတဲ့အတွက် မပြင်ဆင်ပေးတော့ပါဘူး။ စယ်ရီစားဖို့အတွက် မနက်အာရုဏ်မတက်ခင်စားဖို့အတွက်ကို ရဲဘော်တွေအမြောက်အများနဲ့ စားမယ်ဆိုရင် ကိုယ်ကြိုက်တာလည်းရှိသလို မကြိုက်တာလည်းရှိနိုင်တယ်။ အများနဲ့လုပ်ရင် အားလုံးတစ်မျိုးတည်းပဲ စားရမှာဆိုတော့ ပိုပြီးအဆင်ပြေတာက ကိုယ့်အိမ်မှာကိုယ်စားတာက ပိုပြီးအဆင်ပြေမယ်။ ပြီးတော့ ဝါဖြေဖို့ဆိုလို့ရှိရင်လည်း ကိုယ်ကြိုက်တာလေးတွေစားလို့ရအောင် ကိုယ့်အိမ်မှာကိုယ်စားကြတာပဲ ပိုပြီးအဆင်ပြေမယ်ဆိုပြီးတော့ အစည်းဝေးမှာတင်ပြလာကြတော့ စယ်ရီစားတဲ့အစီအစဥ်ရော၊ ဝါဖြေတဲ့အစီအစဥ်ကိုရော မနှစ်ကရော၊ ဒီနှစ်ကိုပါ အိမ်မှာပဲ လုပ်ဖြစ်ကြပါတယ်။ ကျနော်တို့ဘက်က စီစဥ်ပေးဖို့ကတော့ အပြည့်ပါပဲ။ အိမ်မှာပဲ လုပ်ချင်ကြတယ်ဆိုလို့ မစီစဥ်ပေးဖြစ်တော့တာပါ။
မေး – တပ်ဖွဲ့ရဲ့တာဝန်နဲ့ ဥပုသ်စောင့်ရတဲ့အချိန်ကြားမှာ အခက်အခဲကြုံရတာမျိုး၊ ပိုပြီးပင်ပန်းစေတာမျိုးကြုံရတာရှိလား။
ဖြေ – တပ်ဖွဲ့ရဲ့ တာဝန်တစ်ပိုင်းနဲ့ ဥပုသ်စောင့်ရတာ တကယ်ကိုပင်ပန်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီနှစ်ကတော့ တိုက်ပွဲနဲ့ မကြုံရသေးဘူး။ မနှစ်ကဆိုရင် တိုက်ပွဲကြုံရတယ်။ တဖက်မှာလည်း ဥပုသ်စောင့်ထားတဲ့အတွက် ရေသောက်ဖို့မပြောနဲ့ တံထွေးတောင်မှာ မြိုချလို့မရတာဖြစ်တဲ့အတွက် တိုက်ပွဲကာလမှာ ရဲဘော်တွေ တော်တော်ကိုပင်ပန်းခဲ့ကြပါတယ်။ သနားဖို့လည်းကောင်းတယ်။ ဘာမှမစားဘဲနဲ့ ဒီလိုပဲ လှိမ့်မှိတ်ပြီးတော့ ခံရတာပဲ။ ကျနော်တို့မှာ ရိုဇာဥပုသ်စောင့်တယ်ဆိုတာက အိမ်ထဲမှာပဲ အေးအေးဆေးဆေးနေပြီးတော့ ကျမ်းတော်မြတ်တွေကို ရွတ်ဖတ်သရဇ္ဇာယ်မယ်။ ပြီးလို့ရှိရင် ဘာဝနာတွေ စီးဖြန်းမယ်ပေါ့နော်။ ဂုဏ်တော်ပွားများတာတွေ ပုတီးစိပ်ပြီးတသမှုတွေလုပ်ရမဲ့အစား သေနတ်ကိုင်ပြီး တောထဲမှာ တာဝန်ထမ်းဆောင်နေရတာဆိုတော့ စိတ်ထဲမှာအဆင်မပြေမှုတွေ ဖြစ်ရပါတယ်။ ဒါပေမဲ့လို့ တဖက်မှာလည်းပဲ ဘာသာရေးကလည်း လက်လွှတ်လို့မရဘူး၊ နှစ်ခုလုံးက မလုပ်လို့ မရတာဖြစ်တဲ့အတွက် နှစ်ခုလုံးကို လုပ်ခဲ့ရတဲ့ အခြေအနေပါ။ တော်တော်ကို ဒုက္ခအခက်အခဲကြီးပါတယ်။ ဗိုက်ထဲမှာက အစာကမရှိ တိုက်ပွဲကြားထဲ ပြေးရ၊ လွှားရနဲ့ တော်တော်ကို ပင်ပန်းခဲ့ပါတယ်။
မေး – တကယ်လို့ရှိရင် ဘယ်လိုကျော်ဖြတ်လဲ။
ဖြေ – အခုဒီနှစ်လည်း တိုက်ပွဲကြုံရင် အဲ့လိုပဲကျော်ဖြတ်ရမှာပဲ။ ရိုဇာကတော့ ကျနော်တို့ ပယ်ဖျက်လို့မရပါဘူး။ ကျနော်တို့မှာ ပညတ်ချက်က ဘယ်လောက်ကြီးမားလဲဆိုတော့ ရိုဇာတစ်ရက်ပျက်ရင် ရက်ပေါင်း ၆၀ အစားပြန်စောင့်ပေးရမှာပါ။ ၂ ရက်ပျက်ရင် ရက်ပေါင်း ၁၂၀ ပါ။ ပညတ်ချက်က အတော်ကြမ်းပါတယ်ဗျ။ အသက်ဘေးနဲ့ရင်ဆိုင်လာရမယ်ဆိုရင်တော့ တမျိုးပေါ့လေ။ အသက်ဘေးနဲ့ မရင်ဆိုင်ရခင် ပင်ပန်းတာလောက်ပဲဆိုရင်တော့ ပျက်လို့မရပါဘူးခင်ဗျား။ ဒီတစ်နှစ်ကြုံလာလို့ရှိရင်လည်း ဒီလိုပဲ ရင်ဆိုင်ရမှာပါပဲ။ ဒီလိုပဲ ကြံ့ကြံ့ခံပြီးပဲ ရင်ဆိုင်ရမှာပါပဲ။
မေး – အခုချိန်မှာ တော်လှန်ရေးအဖွဲ့တွေရှိတဲ့နေရာတွေကို ရိက္ခာတွေဖြတ်တောက်ခံရတာတွေရှိတယ်။ ဒေသခံတွေစစ်ဘေးရှောင်နေရတာတွေရှိတော့ အဲဒီအခြေအနေမျိုးက ဥပုသ်ယူတဲ့သူအတွက် စယ်ရီအချိန်နဲ့ဝါဖြေချိန် (တစ်နေ့တာရဲ့ ဥပုသ်ချိန်မတိုင်မီနဲ့ ကျော်ချိန်မှာစားတဲ့အစာ) အတွက်ရော ဘယ်လိုအခက်အခဲတွေရှိလဲ။ ဘယ်လိုဖြေရှင်းလဲ။
ဖြေ – အခုလောလောဆယ်အခက်အခဲကတော့ စားနပ်ရိက္ခာပါပဲ။ တပ်ရင်းတပ်ဖွဲ့တွေရော၊ ကျေးရွာ ပြည်သူလူထုတွေရော ကြုံနေရတာပါ။ ဒီတိုင်းပဲ အဆင်ပြေသလို ဖြေရှင်းရတာပါ။
မေး – တခြားအခက်အခဲတွေရော ဘာတွေရှိလဲ။
ဖြေ – ဒီလမှာ ကောင်းမှုကုသိုလ်တွေပိုလုပ်ရတဲ့အပြင်မှာ ဝတ်ပြုတာတွေ၊ ဖတ်ရွတ်သရဇ္ဇာယ်တာတွေရော အမြောက်အမြားကျနော်တို့တွေ လုပ်ရပါတယ်။ အဲ့ဒါတွေတော့မလုပ်နိုင်ဘူးပေါ့ဗျာ။ ခါတိုင်းဆိုရင် လူတိုင်းလိုလို ကျမ်းတော်မြတ် ကုရ်အာန်ကို အစအဆုံးရွတ်ဖတ်ရပါတယ်။ အခုဆိုလူတိုင်းမဖတ်နိုင်ကြဘူး။ အထူးသဖြင့် ရဲဘော်တွေမဖတ်နိုင်ကြဘူး။ ကောင်းမှုကုသိုလ်တွေ ပြည့်ပြည့်စုံစုံမလုပ်ဖြစ်ကြပါဘူး။ ဝတ်ပြုတယ်၊ နမဇ်ဖတ်တယ်။ အောက်မေ့တသဘာဝနာတော့ မစီးဖြန်းနိုင်ဘူး။ ကျမ်းတော်မြတ် ကုရ်အာန်ကို ရွတ်ဖတ်သရဇ္ဇာယ်တာမလုပ်နိုင်ဘူး။ တရားဟောအစီအစဥ်တွေ နားထောင်တာမျိုးမလုပ်နိုင်ဘူး။ တခြားရွာတွေက ဗလီတွေကိုသွားပြီး သုံးရက်တို့၊ ဆယ်ရက်တို့ တရားအားထုတ်တာမျိုးတွေလည်း မလုပ်နိုင်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်နှီးနှောဖလှယ်တာမျိုးတွေလည်း မလုပ်နိုင်ပါဘူး။ တခြားရွာတွေကိုသွားပြီး ကျနော်တို့ဘာသာဝင် အချင်းချင်း ဥပုသ်မစောင့်တဲ့သူတွေကို ဆွဲခေါ်တာ၊ နားချတာတွေ၊ စည်းရုံးတာတွေလည်း လုပ်လို့မရဘူး။ အပြစ်မဖြစ်ဖို့အတွက် ဆွဲခေါ်ပေးတာမျိုးတွေကို ကျနော်တို့လုပ်ပေးရတာပါ။ အခုအဲ့ဒါတွေလည်းမလုပ်နိုင်ဘူး။
မေး – အခုလမှာ အစ္စလာမ်ဘာသာဝင်တွေက ကောင်းမှုကုကိုလ်တွေပိုလုပ်ပြီး ပိုဆုတောင်းကြတယ်လို့သိရတယ်။ အခုချိန်မှာ ဆန္ဒနဲ့တောင်းဆုကဘာဖြစ်မလဲ။
ဖြေ – ဆုတောင်းတာကတော့ အခုလိုမျိုးကြုံတွေ့နေရတဲ့ စစ်ဘေးဒုက္ခတွေကနေ အမြန်ဆုံးလွတ်မြောက်ဖို့ ၊ အာဏာသိမ်းစစ်တပ်အမြန်ဆုံးကျရှုံးဖို့၊ တရားဥပဒေစိုးမိုးတဲ့ တော်လှန်ရေးဘက်က အမြန်ဆုံးအောင်မြင်နိုင်ဖို့ ၊ ဒီတော်လှန်ရေးကြီးပြီးဆုံးပြီး ဘာသာရေးအလုပ်တွေ အေးအေးဆေးဆေးပြန်လုပ်ပြီး လူ့ဘဝကို ဖြတ်သန်းနိုင်ဖို့ ဆုတောင်းဖြစ်ပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ၊ မှန်ကန်စွာအုပ်ချုပ်တဲ့ အုပ်ချုပ်သူနဲ့ တရားမျှတတဲ့ အုပ်ချုပ်သူ၊ ကြီးနိုင်ငယ်ညှင်းမလုပ်တဲ့ အုပ်ချုပ်သူတွေက အုပ်ချုပ်ပြီးတော့ ကိုယ့်နိုင်ငံရေးအေးချမ်းနိုင်ဖို့အတွက် ဥပုသ်စောင့်နေရင်းနဲ့ ဆုတောင်းဖို့အတွက် အကောင်းဆုံးအချိန်ဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်ကနေ ဆုတောင်းမှုလက်ခံပေးတဲ့ အကောင်းမွန်ဆုံးသောအချိန်တွေမှာ ကျနော် ဒါတွေကို ဆုတောင်းဖြစ်ပါတယ်။ ပင်ပန်းဆင်းရဲနေတဲ့သူတွေ၊ အစားအသောက်ငတ်ပြတ်နေရသူတွေ၊ အိုးမဲ့ အိမ်မဲ့ဖြစ်နေသူတွေအားလုံး အိုးနဲ့အိမ်နဲ့ နေနိုင်ကြပြီး အစားသောက်ဝဝလင်လင်စားနိုင်ဖို့၊ မိသားစုနဲ့ ဝေးနေတဲ့သူတွေ မိသားစုနဲ့ အမြန်ဆုံးပြန်လည်စုစည်းနေနိုင်ကြဖို့ အေးချမ်းတဲ့ဘဝတွေကို တည်ဆောက်နိုင်ကြဖို့၊ ဒေါသတွေကင်းစင်ပြီး တစ်ယောက်နဲ့တစ်ယောက် မေတ္တာထားနိုင်ပြီး မှန်ကန်စွာ အုပ်ချုပ်တဲ့ သူရဲ့အောက်မှာ နေထိုင်ရဖို့ဆုတောင်းပါတယ်။ သေသွားတဲ့လူတွေအတွက်ကိုလည်း ကောင်းရာဘုံနန်းကို ရောက်ရှိဖို့ ဆုတောင်းပေးဖြစ်ပါတယ်။
▪️ရဲဘော်မောင်နွေး
ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)
မေး – အခုလက အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ်ဇာန်ဥပုသ်လဆိုတော့ ဒီနှစ်ဥပုသ်စောင့်ဖြစ်လား။
ဖြေ – အခုပထမနှစ်ရက်တော့ ဥပုပ်မစောင့်ဖြစ်ဘူး။ မနက်ဖြန်တော့ ဥပုသ်အတွက်ရည်ရွယ်ပြင်ဆင်ထားပါတယ်။ အရင်နှစ်ကတော့ တပ်ဖွဲ့ကသီးသန့်ခွင့်ပေးလို့ တစ်လလုံးဥပုသ်စောင့်ခွင့်ရတယ်။
မေး – သာမာန်အချိန်တွေမှာ ဥပုသ်စောင့်ရတာနဲ့ အခုလိုအခြေအနေမျိုးမှာ ဥပုသ်စောင့်ရတာ ဘာကွာတယ်လို့ထင်လဲ။
ဖြေ – သာမန်ချိန်ဆိုတော့ ဝတ်ပြုချိန်တွေမှာ ဗလီ၀တ်ကျောင်းတော်သွားခွင့်ရမယ်။ ရမ်ဇန်လ (ဥပုသ်လ)ရဲ့ ဝါချည်ဝါဖြေချိန်တွေ အစုအဝေးနဲ့ စုပေါင်းဆုတောင်းဝတ်ပြုခွင့်ရတာပေါ့။ ဥပုသ်အကြို ထမင်းစားချိန်လည်း ပြင်ဆင်ရလွယ်ကူမယ်။ ဝါဖြေချိန် (ဥပုသ်ထွက်ချိန်)လည်း ဗလီမှာပြင်ဆင်ဝါဖြေချိန်ရတယ်။ လက်ရှိကတော့ တစ်ဦးတည်းပြင်ဆင်ဝတ်ပြုရတော့ အခက်အခဲတချို့တော့ရှိပါတယ်။ အစားအသောက်အတွက်ရောပေါ့နော်။ ဝါဖြေချိန် ပုံမှန်စားနေကျဖြစ်တဲ့ ဂန်ဇီ (ဗလီကလှူတဲ့ဆန်ပြုတ်)စားခွင့် မရတာမျိုးတွေပေါ့။ ဘုရားဝတ်ပြုချိန်တွေကတော့ တစ်ယောက်တည်း အဆင်ပြေတဲ့နေရာလေးမှာ ဝတ်ပြုဖြစ်တယ်။
မေး – တပ်ဖွဲ့တွေမှာကော အစ္စလာမ်ဘာသာဝင်ရဲဘော်တွေအတွက် ရမ်ဇာန်ကာလမှာ ဥပုသ်စောင့်နိုင်အောင် လုပ်ဆောင်ပေးတာမျိုးရှိလား။
ဖြေ – တပ်ဖွဲ့ကတော့ ရနိုင်တာအကုန်လုံးကူညီပါတယ်။ သီးသန့်ပြင်ဆင်ပေးထားတာမျိုးတော့ မရှိပါဘူး။
မေး – တပ်ဖွဲ့ရဲ့တာဝန်နဲ့ ဥပုသ်စောင့်ရတဲ့အချိန်ကြားမှာ အခက်အခဲကြုံရတာမျိုး၊ ပိုပြီးပင်ပန်းစေတာမျိုးကြုံရတာရှိလား။ ရှိရင် ဘယ်လိုကျော်ဖြတ်လဲ။
ဖြေ – တာ၀န်ချိန်က ဥပုသ်ရက်အတွင်းမှာပဲရှိနေတော့ တာ၀န်ဦးစားပေးပဲရွေးချယ်ဖြစ်တယ်။ လက်ရှိတော့အဆင်ပြေတဲ့ရက်ကို ဥပုသ်စောင့်ဖြစ်အောင် ကြိုးစားနေပါတယ်။ တာ၀န်တွေက အရမ်းကြီးပင်ပန်းစေတာမျိုးတော့ မရှိပါဘူး။ ပေါ့ပေါ့ပါးပါးပါပဲ။ တကယ်လို့ အခက်အခဲကြီးကြီးမားမား ရှိလာခဲ့ရင်လဲ အသက်ရှင်ရပ်တည်ဖို့အတွက် အရင်ရွေးချယ်ပြီး ကျန်တဲ့ဥပုသ်တွေကို ပြန်ဖြည့်မယ်လို့တော့ စဥ်းစားထားပါတယ်။ လက်ရှိကတော့ အဆင်ပြေသလိုနေနေရတဲ့ အခြေအနေမျိုးဖြစ်နေတယ်။ ထမင်းဟင်းတွေလည်းဘုန်းကြီးကျောင်းမှာရရ အဆင်ပြေသလိုစားနေရတာပေါ့။
မေး – အခုချိန်မှာ တော်လှန်ရေးအဖွဲ့တွေရှိတဲ့နေရာတွေကို ရိက္ခာတွေဖြတ်တောက်ခံရတာတွေရှိတယ်။ ဒေသခံတွေစစ်ဘေးရှောင်နေရတာတွေရှိတော့ အဲဒီအခြေအနေမျိုးက ဥပုသ်ယူတဲ့သူအတွက် စယ်ရီအချိန်နဲ့ဝါဖြေချိန် (တစ်နေ့တာရဲ့ ဥပုသ်ချိန်မတိုင်မီနဲ့ ကျော်ချိန်မှာစားတဲ့အစာ) အတွက်ရော ဘယ်လိုအခက်အခဲတွေရှိလဲ။ ဘယ်လိုဖြေရှင်းလဲ။
ဖြေ – ကျနော့အနေနဲ့တော့ ဟာလာလ်ဖြစ်ပြီး အထားခံမယ့် ရိက္ခာခြောက်နဲ့ သစ်သီးတချို့ကို ဝါချည်၊ ဝါဖြေချိန်တွေအတွက် ထုပ်ပိုးသယ်ဆောင်ဖြစ်ပါတယ်။ တခြားစစ်ပွဲတွေကြောင့် ပိတ်မိနေတဲ့ တောင်သုံးလုံး၊ ရွှေချောင်းနဲ့ ဟိန္ဒားရွာတို့ဆို အစားအသောက်အတွက် တော်တော်ခက်ခဲကြတယ်။ တချို့က မြို့တက်သွားကြပေမဲ့ အလုပ်မရှိတော့ ရပ်တည်ရ ခက်ခဲကြတယ်။ သူများ အကူအညီယူနေရတာပေါ့။ ရွာမှာကျန်နေတဲ့သူတွေကတော့ လေယာဥ်နဲ့ဗုံးကြဲမှာကိုစိုးရိမ်တဲ့စိတ်နဲ့ ဥပုသ်စောင့်နေရတယ်။ တောင်သုံးလုံးက ဗလီ၀တ်ပြုကျောင်းဆိုပိတ်ထားရတယ်။ အဲရွာတွေက အစ္စလာမ်ဘာသာ၀င်တွေအတွက်တော့ အခက်အခဲဆုံးကာလဖြစ်နေတာပေါ့။ သူတို့အားလုံးတောတောင်တွေထဲမှာ နေနေရတယ်။ ဘုရားဝတ်ပြုဖို့နေရာတွေလည်း မရှိကြဘူး။ စစ်ပွဲနဲ့ဥပုသ်လကြားမှာ တချို့က မြို့ပေါ်ကနေ ကူညီပေးချင်ပေမဲ့ ကူညီခွင့်မရကြဘူး။ လမ်းတွေပိတ်နေတော့ အစားသောက်သယ်ခွင့်လည်း မရကြဘူး။
မေး – အခြားအခက်အခဲတွေကရော ဘာတွေရှိမလဲ။
ဖြေ – ဝတ်ပြုချိန်တွေမှာ စိုးရိမ်စိတ်တွေနဲ့ဝတ်ပြုနေကြရတာပေါ့။ စစ်ပွဲဧရိယာမှမဟုတ်ပါဘူး၊ နေရာတိုင်းက စစ်လေယာဥ် အန္တရာယ်ကို စိုးရိမ်သောကတွေ ရောက်နေကြတယ်။ စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေရှိတဲ့နေရာတွေကိုလည်း လေယာဥ်တွေနဲ့ ပစ်ခတ်ဗုံးကြဲနေတာကိုး။
မေး – အခုလမှာ အစ္စလာမ်ဘာသာဝင်တွေက ကောင်းမှုကုကိုလ်တွေပိုလုပ်ပြီး ပိုဆုတောင်းကြတယ်လို့သိရတယ်။ အခုချိန်မှာ ဆန္ဒနဲ့တောင်းဆုက ဘာဖြစ်မလဲ။
ဖြေ – အာဏာရှင်မှန်သမျှချုပ်ငြိမ်းပြီး စစ်ပွဲတွေရပ်တန့်လို့ စိတ်လုံခြုံမှုရှိရှိနဲ့ လူသားတိုင်းရသင့်တဲ့ အခွင့်အရေးအပြည့်အ၀ရရှိဖို့၊ ကျန်းမာပျော်ရွှင်တဲ့မိသားစုဘ၀တွေ မြန်မာနိုင်ငံသားတိုင်း အမြန်ဆုံးရရှိကြဖို့ကို တောင်းဆုပြုပါတယ်။
The Tanintharyi Times
