စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်
စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်
အပစ်ခတ်ရပ်စဲဖို့ သဘောတူညီထားပေမဲ့စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေမှုရှိနေတာကြောင့် ရှမ်းမြောက်မှာ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA၊ တအာင်းတပ်မတော် TNLA နဲ့ ကိုးကန့်တပ် MMDAA တို့ဟာ ပြီးခဲ့တဲ့ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တို့မှာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ကြပြီး ရှမ်းမြောက်တိုက်ပွဲတွေ ရပ်တန့်ဖို့ သဘောတူခဲ့ကြတာပါ။ ဒါပေမဲ့ အခုလ ၁၃ ရက်နေ့ကနေစပြီး ရှမ်းမြောက်ရှိ စစ်ကေင်စီတပ်စခန်းတွေကနေ လက်နက်ကြီးပစ်ခတ်တာအပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်း အရင် အတိုင်းရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
အပစ်ရပ် သဘောတူညီချက်ထဲမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု မလုပ်ဖို့နဲ့ ညီနောင်သုံးဖွဲ့ဘက်က စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ ဗျူဟာကုန်းတွေကို စတင်ထိုးစစ်ဆင်ပြီး မတိုက်ခိုက်ဖို့ စတဲ့အချက်တွေ ပါရှိပါတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မိုးကုတ် မြို့နယ်ထဲရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ကြောင်း TNLA ဘက်က အခုလ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။
မနေ့ကလည်း မိုးမိတ်၊ ကွတ်ခိုင်၊ ကျောက်မဲမြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
MMDAA စစ်ရေးလှုပ်ရှားနေတဲ့ ကိုးကန့်ဒေသမှာလည်း မနေ့ညနေပိုင်းက ထိတွေ့တိုက်ပဲဲဖြစ်ပွားခဲ့ပြီး တပ်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၆၀ မမ လက်နက်ကြီးနဲ့ သုံးကြိမ်တိုင် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ထုတ်ပြန်ထားပြီးဖြစ်တဲ့ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေအတိုင်း ဆက်လက်အကောင်အထည်ဖော်နေတယ်လို့ မနေ့ညက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
The Tanintharyi Times
