ဒီနေ့ထုတ်စစ်ကောင်စီသတင်းစာမှာပါတဲ့ ပုလောမြို့နယ်က သတင်းဟာ ဝါဒဖြန့်သတင်းအမှားဖြစ်တယ်လို့ ဒေသခံတွေပြော

ဒီနေ့ထုတ်စစ်ကောင်စီသတင်းစာမှာပါတဲ့ ပုလောမြို့နယ်က သတင်းဟာ ဝါဒဖြန့်သတင်းအမှားဖြစ်တယ်လို့ ဒေသခံတွေပြော

စစ်ကောင်စီရဲ့ ဒီကနေ့ထုတ်ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာမှာပါတဲ့ ပုလောမြို့နယ်သတင်းဟာ မြေပြင်က တကယ့်အခြေအနေနဲ့ လွဲနေတဲ့သတင်းအမှားဖြစ်တယ်လို့ ​ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့ မြိတ်ခရိုင်၊ တပ်ရင်း (၁) က ပြောပါတယ်။

စစ်ကောင်စီရဲ့သတင်းမှာ အခုလ ၁၄ရက်နေ့က ပုလောမြို့နယ်၊ တိုရွာက အခြေခံပညာအထက်တန်းကျောင်းခွဲမှာ ပထမနှစ်ဝက်စာမေးပွဲစစ်ဆေးနေချိန် ပြည်သူ့ကာကွယ်ရေးတပ်သားတွေရောက်လာပြီး ခြိမ်းခြောက်နှောက်ယှက်ခဲ့တယ်လို့ ရေးသားထားတာပါ။

“သက်သက်မဲ့ဝါဒဖြန့်တာပါ။ တိုက်ပွဲတွေဖြစ်ပြီးတော့ သူတို့ပဲ ရွာထဲကအိမ်တွေကိုမီးရှို့တာ၊ ရွာသားပစ်သတ်တာတွေလုပ်တာ။ အဲဒါကြောင့်ရွာသားတွေ ထွက်ပြေးနေရတာ။ ရွာသားတွေကိုခြိမ်းခြောက်နေတာလည်းသူတို့ပဲ” လို့ပုလောမြို့နယ်က ဒေသခံတစ်ဦးကပြောပါတယ်။

ဒေသခံတွေ ပြောပြချက်အရ စစ်ကောင်စီရဲ့သတင်းမှာပါတဲ့စာသင်ကျောင်းဟာ မဖွင့်တာ ၂ လလောက်ရှိပြီဖြစ်ပြီး တိုရွာကတစ်ရွာလုံးနီးပါးဟာလည်း စစ်ကောင်စီလက်ချက်ကြောင့် တစ်ရွာလုံးနီးပါး နေအိမ်စွန့်ခွါထွက်ပြေးနေရတာလို့ ဆိုပါတယ်။

ဒေသကာကွယ်ရေးအဖွဲ့ မြိတ်ခရိုင်၊ တပ်ရင်း (၁)ရဲ့ပြန်ကြားရေးတာဝန်ခံကလည်း “သူတို့ကသာအကြမ်းဖက်စစ်တပ်ဆိုတာကိုအားလုံးသိပြီးသားပဲ။ ဒါပေမယ့် တဖက်ကို အမျိုးမျိုးဇာတ်လမ်းထွင်ပြီးပြောနေတာ။” လို့ တုန့်ပြန်ပါတယ်။

စစ်ကောင်စီဝါဒဖြန့်တဲ့ သတင်းက လွန်ခဲ့တဲ့နှစ်ရက်က ပုလောမြို့မှာ စာကပ်တဲ့ကိစ္စနဲ့ဒီလုပ်ကြံသတင်းက ဆက်စပ်နိုင်ပြီး စစ်ကောင်စီအဖွဲ့တွေက ပညာရေးကိုအသုံးချနေတာလို့ပြန်ကြားရေးတာဝန်ခံက သတိပေးပါတယ်။

ပုလောမြို့နယ်ထဲ လူသွားလူလာများတဲ့ နေရာတွေက ဓာတ်တိုင်တွေနဲ့ နံရံတွေမှာ ပညာရေးကို နှောက်ယှက်သူတွေနဲ့ မိသားစုဝင်တွေကို လူ့လောကကနေထုတ်ပယ်သွားမယ်ဆိုတဲ့ ဗိုလ်မျိုးချစ် အကြမ်းဖက်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့လို့ ရေးသားထားတဲ့ ခြိမ်းခြောက်စာတွေကို အခုလ ၁၄ ရက်နေ့က လိုက်ကပ်ထားတာမျိုး ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ၈ရက်နေ့မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေက တိုရွာ၊ တပိုရွာ နဲ့တန်းရှင်းရွာကနေအိမ် ၁၀ ဆောင်ကိုမီးရှို့ခဲ့တဲ့အပြင် စိတ်ကျန်းမာရေးမကောင်းတဲ့အမျိုးသားတစ်ဦးကိုလည်း ပစ်သတ်ပြီး မီးထဲထည့်ရှို့ခဲ့ပါတယ်။ ဒါကြောင့် ၎င်းကျေးရွာက ဒေသခံတွေဟာ အသက်အန္တရာယ်ကြောင့် ရှောင်တိမ်းထွက်ပြေးနေကြရပါတယ်။

The Tanintharyi Times