ပိန္နဲတောကျေးရွာက စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦး ပစ်သတ်ခံရ
ပိန္နဲတောကျေးရွာက စစ်ကောင်စီသတင်းပေးဆိုသူတစ်ဦး ပစ်သတ်ခံရ
လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စု ၊ပိန္နဲတောကျေးရွာမှာ ဒီနေ့မနက် ၆နာရီဝန်းကျင်အချိန်က စစ်ကောင်စီသတင်းပေးဆိုသူအမျိုးသားတစ်ဦးပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
အသတ်ခံရသူဟာ အသက် ၄၀ ဝန်းကျင်အရွယ် ကိုဖစု ခေါ် ကိုထွန်းထွန်းဝင်းဆိုသူဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဝင်တစ်ယောက်လည်းဖြစ်တယ်လို့သိရပါတယ်။
“သူ့အိမ်မှာ မနက်စောစောပဲရှိရှိသေးတယ်လာဖမ်းခေါ်သွားတာ။ နောက်တော့မှ တခြားတစ်နေရာမှာ ပစ်သတ်ခံလိုက်ရတာ” လို့ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
ကိုဖစုဟာ စစ်ကောင်စီတပ်တွေနဲ့အတူသွားလာတာတွေ၊ လမ်းပြပို့ဆောင်တာတွေကိုပြုလုပ်တဲ့အပြင် ဇွန်လအတွင်း လောင်းလုံးမှာ စစ်တပ်နဲ့ပျူစောထီးက ပြည်သူတွေကိုအကြမ်းဖက်သတ်ဖြတ်တာတွေလုပ်တဲ့အချိန်ကလည်း သူပါဝင်နေတာကိုတွေ့ရတယ်လို့ ဒေသခံတွေကပြောဆိုပါတယ်။
“သူမှာ သေနတ်အတိုတစ်လက်ရှိတယ်လို့လည်းကြားရတယ်။ ပြီးတော့ ပန္နဲရွာကလက်နက်ကိုင်ပျူစောထီးတွေနဲ့အချိတ်အဆက်တွေရှိတယ် ” လို့ ဒေသခံရွာသားတစ်ဦးကဆက်ပြောပါတယ်။
ကိုဖစုရဲ့အလောင်းကိုတော့ နာရေးကူညီမှုအသင်းရဲ့ကားနဲ့ ထားဝယ်မြို့ပေါ်ကိုပို့ဆောင်လိုက်တယ်လို့လည်းသိရပါတယ်။ သူ့ကို ဘယ်အဖွဲ့ကပစ်သတ်လိုက်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
လောင်းလုံးမြို့နယ်မှာ ဇွန်လအတွင်းနဲ့ဇူလိုင်လအစပိုင်းတွေမှာ စစ်ကောင်စီတပ်တွေနဲ့ပျူစောထီးတွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့်ပြည်သူ ၇ဦးအထိသေဆုံးခဲ့ပြီး ဖမ်းဆီးခံထားရသူ အနည်းဆုံး၄၆ဦးနဲ့ ထွက်ပြေးတိမ်းရှောင်နေရသူ ၄၀၀၀ ကျော်အထိရှိခဲ့ပါတယ်။
The Tanintharyi Times
