Kaung For You သင်တန်းကျောင်းနဲ့ဆက်နွယ်တဲ့ တနင်္သာရီတိုင်းထဲက CDM ဆရာ၊ ဆရာမတွေကို စစ်ကောင်စီ အပူတပြင်းရှာဖွေနေ

Kaung For You သင်တန်းကျောင်းနဲ့ဆက်နွယ်တဲ့ တနင်္သာရီတိုင်းထဲက CDM ဆရာ၊ ဆရာမတွေကို စစ်ကောင်စီ အပူတပြင်းရှာဖွေနေ

Kaung For You သင်တန်းကျောင်းအတွက် အွန်လိုင်းမှ ပညာသင်ကြားပေးနေတဲ့ တနင်္သာရီတိုင်းအတွင်းက ဆရာ၊ ဆရာမတွေကို စစ်ကောင်စီက အပူတပြင်း ရှာဖွေဖမ်းဆီးမှုတွေ လုပ်ဆောင်နေပါတယ်။

ဇူလိုင် ၁၃ ရက်နေ့က ထားဝယ်မြို့ မောင်မယ်ရှောင်ရွာက CDM ဆရာမတစ်ဦးကိုKaung For You မှာ စာသင်နေတဲ့ဆရာမဟု စွပ်စွဲကာ စစ်​ကောင်စီတပ်က အင်အားအလုံးအရင်း​နဲ့သူ့ရဲ့နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့ရာ ဆရာမက အိမ်မှာ မရှိတဲ့အတွက် အဖမ်းမခံခဲ့ရဘူးလို့ ​ဒေသခံတစ်ဦးက ပြောပါတယ်။

မြိတ်တွင်လည်း CDM လုပ်ထားတဲ့ တက္ကသိုလ်ဆရာ၊ ဆရာမ ငါးဦးကို Kaung For You နဲ့ပတ်သက်တယ်ဆိုပြီး သူတို့ရဲ့ နေအိမ်တွေထဲ စစ်ကောင်စီရဲ့ စရဖအဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ MPA သတင်းမှာ ဖော်ပြထားပါတယ်။

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်မှာ နေထိုင်တဲ့ ဆရာမတစ်ဦးကိုလည်း Kaung For You က ဆရာမဟုဆိုကာ နေ့လယ် ၁၁ နာရီအချိန်က စစ်ကောင်စီတပ်က သွားရောက်ဖမ်းဆီးခဲ့ပေမယ့် ဆရာမကိုမတွေ့လို့ Kaung For You က မဟုတ်တဲ့ အခြား CDM ဆရာမတစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ ကော့သောင်းမြို့ခံတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ထားဝယ်မြို့မှာ ရှိနေတဲ့ CDM ဆရာ၊ ဆရာမတွေကို တစ်ပတ်အတွင်း ဖမ်းဆီးစစ်ဆေးမယ့်ဆိုတဲ့ ကောလာဟာလ ဆန်ဆန် သတင်းတွေ ထွက်ပေါ်နေသလို ရပ်ကွက်အလိုက် CDM ဆရာ၊ ဆရာမစာရင်းတွေကို ရွာ‌လူကြီးတွေကနေတစ်ဆင့် စာရင်းကောက်ခိုင်းထားတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေတာ ရှိပါတယ်။

Kaung For You တည်ထောင်သူ ဆရာ တစ်ဦး ဖမ်းဆီးခံရတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက် သတင်းအချက်လက်ပေါက်ကြားမှုနဲ့ ဆရာ၊ဆရာမတွေ ဖမ်းဆီးခံရမှုတွေရှိသလို ကျောင်းသားမိဘတွေ၊ ကျောင်းသားတွေနဲ့ ဆရာ၊ဆရာမေတွရဲ့ လုံခြုံရေးအတွက်လည်း စိုးရိမ်မှုတွေမြင့်တက်လျက်ရှိနေပါတယ်။

Kaung For You ဟာ NUG ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ကာ အွန်လိုင်းပညာရေးစနစ်​​ဖြင့် ကျောင်းသားတွေကို ပညာသင်ပို့ချပေးနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

အွန်လိုင်းအခြေပြု ပညာသင်ကျောင်းတစ်ခုအနေနဲ့ ကိုယ်ရေးအချက်လက်တွေကို ကောက်ယူခဲ့ပြီး စနစ်တကျ မထိန်းသိမ်းနိုင်ခြင်းက အခြေခံလူ့အခွင့်ရေးတစ်ရပ်ဖြစ်တဲ့ ကိုယ်ရေးအချက်လက်လုံခြုံခွင့်ကိုချိုးဖောက်မှုဖြစ်တဲ့အတွက် သက်ဆိုင်ရာ ကျောင်းစီမံခန့်ခွဲမှုအနေနဲ့ တာဝန်ရှိတယ်လို့ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times