ဆောင်းပါးစိတ်ကူးတွေကို ဘယ်လိုထုတ်လုပ်မလဲ
ဆောင်းပါးစိတ်ကူးတွေကို ဘယ်လိုထုတ်လုပ်မလဲ
အခန်း(၄)
Op-Ed တွေဟာ အကြောင်းအရာပေါင်းစုံကို ရေးလို့ရပါတယ်။ ဘောလုံးပွဲတစ်ပွဲကစလို့ ကုန်ဈေးနှုန်းတက်တာ၊ ရွေးကောက်ပွဲ၊ လူမျိုးရေး အဓိကရုဏ်း၊ အစားအသောက်ပုံစံ ပြောင်းလဲလာမှု၊ လူကြီးလူငယ် မျိုးဆက်ကွာဟမှု၊ ရာသီဥတုပြောင်းလဲမှု၊ ပေါတောတောနိုင်ငံရေးသမား တွေရဲ့ မိန့်ခွန်းအကြောင်းနဲ့ လူမှုမီဒီယာမှာဟစ်ဖြစ်နေတဲ့ အကြောင်းအရာ တွေအထိ အရာအားလုံးကို ရေးလို့ရပါတယ်။
Op-Ed အများစုကတော့ လတ်တလောမှာလူပြောများနေတဲ့အကြောင်းအရာအပေါ်မှာ စာရေးသူက သူ့ရဲ့အယူအဆကို တင်ပြတာ ဖြစ်ပါတယ်။
တစ်ခုပဲလိုအပ်ပါတယ်။ ကိုယ့်မှာအဆိုတစ်ခု (Argument) တော့ ရှိရပါမယ်။ ဒီအကြောင်းကိုတော့ နောက်အခန်းမှာ အကျယ်ချဲ့ပြီး ဆွေးနွေးပါမယ်။
ဆောင်းပါးရေးသူကောင်းတစ်ယောက်ဟာ လူတွေကြားထဲမှာ နေဖို့ လိုအပ်ပါတယ်။ ဆိုလိုတာက ပြည်သူတွေဘာအကြောင်းတွေ ကိုပြောနေ ကြတယ်၊ ပူပန်နေကြတယ်၊ စိုးရိမ်နေကြတယ်၊ မျှော်လင့်နေကြတယ်ဆိုတာ ကိုသူတို့နဲ့အတူ တသားတည်း သိနေသင့်တာပါ။
ဒါတင်မကဘဲ ပြည်သူတွေကြိုမတွေးနိုင်ဘဲ အနာဂါတ်မှာဖြစ်လာ နိုင်တဲ့အခြေအနေတွေကိုလည်း ဆောင်းပါးရှင်က ကြိုတင်တွေးဆ ထားနိုင်ဖို့လိုအပ်ပါတယ်။ လိုအပ်ရင်သတိပေးနိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုကြိုတင်တွေးဆနိုင်ဖို့လည်း လေ့လာမှုတွေ၊ သုတေသနတွေကို အဆက်မပြတ်ပြုလုပ်ရမှာပါ။
ဂရိပုံပြင်မှာ ကက်ဆန်ဒရာဆိုတဲ့မင်းသမီးတစ်ဦးရှိပါတယ်။ သူ့ကို နေနတ်သား အပိုလိုက အနာဂါတ်ကိုကြိုမြင်စေတဲ့အစွမ်းကို ပေးပါတယ်။ ကက်ဆန်ဒရာက အပိုလိုကို ပြန်မကြိုက်တဲ့အခါ ကျိန်စာတိုက်ပါတယ်။
ဒါကြောင့် ထရွိုင်မြို့ကြီးဟာ မီးလောင်ပြီးပျက်စီးမယ်လို့ ကက်ဆန် ဒရာကပြောပေမယ့် ဘယ်သူကမှ မယုံကြည်ခဲ့ပါဘူး။ နောက်ဆုံးတော့ ထရွိုင်မြို့ကြီး ပျက်စီးခဲ့ရတာပါပဲ။ ဒါကို နောက်ပိုင်းမှာ Cassandra Syndromeလို့ခေါ်လာကြပါတယ်။ အဓိပ္ပါယ်ကတော့ အမှန်ကိုပြောပေမယ့် ဘယ်သူမှမယုံကြည်တာကို ဆိုလိုတာပါ။ ဒီပုံပြင်မှာပေးတဲ့သင်ခန်းစာက အနာဂါတ်မှာဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင်ပြောပြဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ် ဆိုတာပါပဲ။
လူတွေထဲကိုသွားပါ၊ သတင်းတွေကိုနားထောင်ပါ၊ ငြင်းခုန်တာတွေကို နားစွင့်ပါ၊ စာဖတ်ပါ၊ သမိုင်းထဲက သင်ခန်းစာတွေကို ပြန်လေ့လာပါ၊ ပညာရပ်အသီးသီးက ကက်ဆန်ဒရာတွေကို ချဉ်းကပ်ပါ၊ စကားပြောပါ၊ သူတို့ရဲ့အယူအဆတွေကို နားထောင်ပါ။
သတင်းတွေကိုဖတ်ပြီး ကိုယ်ဘာ Op-Ed ရေးလို့ရမလဲ စဉ်းစားပါ။ အစိုးရသတင်းစာက သတင်းတွေကိုတောင် ဖတ်ပါ။ အိုင်ဒီယာတွေ ရလာပါလိမ့်မယ်။
လွယ်လွယ်ကူကူနဲ့ဘာကိုမှမယုံကြည်နဲ့ သတင်းသမားဘဝမှာ ခါးသီးတဲ့အတွေ့အကြုံကတော့ လူအတော် များများဟာ သူတို့အကျိုးစီးပွားအတွက် ဒါမှမဟုတ် မသိနားမလည်တဲ့အတွက် လိမ်တတ်၊ မှားယွင်းပြောဆိုတတ်တယ် ဆိုတာပါပဲ။ အဲဒါ ဟာခါးသီးတဲ့ အမှန်တရားပါ။ ဒါပေမယ့်သူတို့ ပြောတာတွေထဲမှာ ကိုယ့်အတွက်အိုင်ဒီယာတွေ ရနိုင်တယ်ဆိုတာတော့ သတိပြုရပါမယ်။
ကိုဗစ်-၁၉ ဖြစ်လာတဲ့အခါ ဘာကြောင့်ဖြစ်တယ်၊ ရှေ့မှာဘယ်လို ကမ္ဘာလုံးဆိုင်ရာ ကပ်ရာဂါ (Pandemic) တွေ ဘယ်လိုဆက်ဖြစ်နိုင်တယ်၊ လူတွေရဲ့အပြုအမူတွေကို ဘယ်လိုပြောင်းလဲကြရမယ်၊ ဥပဒေ စိုးမိုးရေးတွေကို ဘယ်လိုတင်းကျပ်ရမယ်ဆိုတာတွေကို ရေးသားတဲ့ မြန်မာဘာသာနဲ့ဆောင်းပါး ဘယ်နှပုဒ်ထွက်လာခဲ့ပါသလဲ။ မများလှပါဘူး။
ဂျာမန်တွေးခေါ်ပညာရှင် ဟီးဂဲလ်က ပြောခဲ့ပါတယ်။ “သမိုင်းကနေ ကျွန်တော်တို့ရတဲ့ သင်ခန်းစာတစ်ခုပဲရှိတယ်။ အဲဒါသမိုင်းဆီက ဘာသင်ခန်းစာမှ ကျွန်တော်တို့ မယူခဲ့ဘူးဆိုတာပါပဲ” တဲ့။ အဲဒီစကားဟာ အလွန်မှန်ပါတယ်။
ထင်မြင်ချက်ဆောင်းပါးကိုရေးဖို့အတွက် စိတ်ကူးကိုစဉ်းစားတဲ့အခါ
(၁) လတ်တလော လူတွေဘာပြောနေတယ်ဆိုတာကို နားစွင့်ပါ။
(၂) လူမှုမီဒီယာမှာ ဟစ်ဖြစ်နေတဲ့အကြောင်းအရာတွေကို စဉ်းစားပါ။
(၃) အစိုးရထုတ်ပြန်ချက်တွေကို နားစွင့်ပါ။
(၄) လူတွေရဲ့ ခံစားချက်တွေကို နားထောင်ပါ။
(၅) ရှေ့မှာ ဘာဆက်ဖြစ်မလဲဆိုတာကို စဉ်းစားပါ။ လူတွေ တွေးတာ မှားနေရင် သတိပေးဖို့ နောက်မတွန့်ပါနဲ့။
(၆) လူအများအကြိုက်ကို လိုက်မရေးပါနဲ့၊ ကိုယ်ယုံကြည်တာကို ပဲရေးပါ။ ကိုယ်ရေးတဲ့စာအတွက် တစ်နေ့ နောင်တမရ ရပါစေနဲ့။
(၇) ဒေသတွင်းနဲ့ နိုင်ငံတကာအခြေအနေကိုကြည့်ပါ၊ ဘယ်နိုင်ငံမှ ထီးထီးနေလို့ မရပါဘူး။ ပြင်ပအခြေအနေကို နားမလည်ရင် ကိုယ့်နိုင်ငံကို နားလည်မှာမဟုတ်ပါ။
(၈) စာများများဖတ်ပါ၊ နိုင်ငံတကာသတင်းစာများများဖတ်ဖို့ လိုအပ်ပါတယ်။
(၉) အတိတ်ကိုပြန်လေ့လာပါ၊ အတိတ်ဆီက ပြန်သင်ယူရမယ့် သင်ခန်းစာတွေကိုရေးပြပါ။
(၁ဝ) အိမ်နီးချင်းနိုင်ငံတွေရဲ့ အတွေ့ အကြုံတွေကို ရှင်းပြပါ၊ ဒီလို အမှားတွေမဖြစ်အောင် ဘယ်လိုရှောင်လွှဲရမယ်ဆိုတာကိုပြောပြပါ။
The Tanintharyi Times
