မွန်တပ်နဲ့ မွန်အဖွဲ့အစည်းတွေကို ပူးတွဲလုပ်ဆောင်ဖို့ NMSP-AD ခေါင်းဆောင် ဖိတ်ခေါ်

မွန်တပ်နဲ့ မွန်အဖွဲ့အစည်းတွေကို ပူးတွဲလုပ်ဆောင်ဖို့ NMSP-AD ခေါင်းဆောင် ဖိတ်ခေါ်

ဓာတ်ပုံ - NMSP-AD

စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ မွန်တပ်နဲ့ မွန်အဖွဲ့အစည်းတွေ မွန်ပြည်သစ်ပါတီ၊ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD နဲ့ ပူးတွဲလုပ်ဆောင်ကြဖို့ AD အဖွဲ့ခေါင်းဆောင် နိုင်ဇေယျက ဖိတ်ခေါ်လိုက်ပါတယ်။

NMSP-AD အဖွဲ့ ခေါင်းဆောင် နိုင်ဇေယျက သူ့ရဲ့ နှစ်သစ်မိန့်ခွန်းမှာ အဲ့ဒီဖိတ်ခေါ်ချက်ကို ထည့်သွင်း ပြောဆိုခဲ့တာပါ။

စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မွန်တပ်နဲ့ မွန်အဖွဲ့အစည်းတွေဟာ မွန်လူမျိုးတို့ရဲ့ အင်အားတရပ်ဖြစ်ဖို့ ရှေးရှုပြီး တူညီတဲ့ အလုပ်တွေကို ပူးတွဲလုပ်ဆောင်သွားကြဖို့နဲ့ မတူညီတာတွေကို ခဏချန်ထားကာ အတူတကွ အလုပ်လုပ်သွားကြဖို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။

“သံဃာတော်တွေ၊ ပညာရှင်တွေ၊ မွန်လူမျိုးအားလုံး၊ မွန်ပြည်သစ်ပါတီက တပ်ဖွဲ့ဝင် အသစ် အဟောင်း၊ ပြည်တွင်းရှိ နိုင်ငံရေးပါတီဝင်တွေ၊ မွန်ပြည်သစ်ပါတီ (AD) မှာ ဝင်ရောက်ပူးတွဲလုပ်ဆောင်ကြပါစို့။ လူမျိုးအင်အား စုစည်းညီညွတ်မှုနဲ့ ကျနော်တို့နဲ့ အတူ တိုက်ပွဲဝင်ကြပါစို့” လို့ NMSP-AD အဖွဲ့ခေါင်းဆောင် နိုင်ဇေယျက ပြောပါတယ်။

ကိုယ့်လူမျိုးကို ကာကွယ်ဖို့၊ ရန်သူကို ကိုယ်နယ်မြေထဲကနေ မောင်းထုတ်ဖို့ လူငယ်အင်အားတွေဟာ အင်မတန်အရေးကြီးနေပြီး စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ဖို့ရန်အတွက် လက်နက်ကိုင်တိုက်ပွဲဝင်တဲ့နည်းလမ်းသာရှိတာကြောင့် မွန်လူမျိုး လွတ်မြောက်ရေးတပ်တွေမှာ အင်အားဖြည့်ကြဖို့ကိုလည်း နိုင်ဇေယျက ပြောပါတယ်။

ပြည်ပရောက်မွန်တွေအနေနဲ့ NMSP-AD ကို ဝိုင်းဝန်ထောက်ပံ့ကြဖို့အပြင် နိုင်ငံတကာ သံတမန်စာမျက်နှာတွေဟာလည်း အရေးကြီးတာကြောင့် အဆိုပါနေရာတွေမှာလည်း တိုက်ပွဲဝင်သွားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒီကနေ့ တိုက်ပွဲဟာ ပြည်သူလူထုက စစ်အာဏာရှင်ကို တိုက်ဖျက်တဲ့ တိုက်ပွဲ၊ မွန်ပြည်သူတွေ စစ်အာဏာရှင်ကို တိုက်ဖျက်တဲ့ တိုက်ပွဲ ဖြစ်တာကြောင့် အာဏာရှင်ကို ဖြုတ်ချနိုင်မှ မိမိတို့လူမျိုးအခွင့်အရေးကို ရရှိနိုင်မှာ ဖြစ်သလို မိမိတို့ လူမျိုးတွေ ညှင်းပမ်းနှိပ်စက်ခံနေရတာ၊ သတ်ဖြတ်ခံနေရတာ၊ နေအိမ်မီးရှို့ခံနေရတဲ့ ဒုက္ခတွေက ကုန်ဆုံးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

NMSP-AD အဖွဲ့ခေါင်းဆောင်ရဲ့ နှစ်သစ်မိန့်ခွန်းထဲမှာ မွန်ဒေသတွင်း စစ်ဘေးသင့်ခဲ့ရတဲ့ အခြေအနေ၊ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး ကျရှုံးလာတဲ့ အကြောင်း၊ ၁၀၂၇ စစ်ဆင်ရေး၊ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေးတို့မှာ ပြည်သူကာကွယ်ရေးတပ်တွေ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေအခြေအနေ၊ KNLA နဲ့ ပူးပေါင်းတပ်တွေ မြဝတီမြို့ကို သိမ်းပိုက်ရရှိထားတဲ့အကြောင်းနဲ့ မွန်ဒေသ အပါအဝင် စစ်ကောင်စီက ပြည်သူ့နေအိမ် ရှစ်သောင်းကျော် မီးရှို့ခဲ့တယ်ဆိုတဲ့ အကြောင်း လူထုဆီ အစီရင်ခံ ပြောဆိုခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့အနေနဲ့ မွန်လူမျိုးရဲ့ အင်အားဟာ မွန်လူမျိုးမှာသာ တည်ရှိတယ်လို့ ယုံကြည်ပြီး စစ်အာဏာရှင်ပြိုကျသွားသည်အထိ၊ မွန်တို့ ကြမ္မာ မွန်တို့ ဖန်တီးခွင့်ရသည်အထိ တိုက်ပွဲဝင်သွားမယ်လို့ ကတိပေးကြောင်းနဲ့ အချင်းချင်းကြား ဝိုင်းဝန်းထောက်ပံ့ကြဖို့ကိုလည်း အဖွဲ့ခေါင်းဆောင်က တိုက်တွန်းပြောဆိုပါတယ်။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးရေးလမ်းကြောင်းအတိုင်းသွားနေတဲ့ မိခင်ပါတီကနေ ခွဲထွက်ကာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့အတူ တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

The Tanintharyi Times