အယ်ဒီတာ့ထံ ပေးစာ
အယ်ဒီတာ့ထံ ပေးစာ
လွန်ခဲ့သောနှစ်များစွာက အတိအကျပြောရရင် ၂၀၀၄ ခုနှစ်က ကော့သောင်း ယိုးဒယားရေမျဥ်းအတွင်း ယိုးဒယားရေပိုင်နက်မှာ မြန်မာကမ်းဝေးငါးဖမ်းလှေတစ်စီး ငါးခိုးဝင်ဖမ်းနေတာကို ထိုင်းရေတပ်သင်္ဘောက ဖမ်းဆီးစဥ် လှေမှာ မြန်မာ့ရေပိုင်နက်ထဲကို ထွက်ပြေးလာခဲ့တယ်။
ထိုင်း( ယိုးဒယား)စစ်သင်္ဘောကနေ လက်နက်ကြီးနဲ့လှမ်းပစ်ခတ်ရာ ကော့သောင်းမြို့ ပလုံးတုံးတုံးရွာအနောက်ဖက်ရေပြင်ကို လက်နက်ကြီးကျည်ကျရောက်ခဲ့ပါတယ်။
အဲဲဒီလို ကျည်ကျခဲ့တဲ့ဖြစ်စဥ်ကို ကော့သောင်း ခအဖ( ခယက)နယ်ခြားကော်မတီမှတဆင့်အထက်ကိုတင်ပြမှုတွေလုပ်ဆောင်ခဲ့ရာ အခင်းဖြစ်တဲ့နေ့မှာပဲ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး ကော့သောင်းသို့ချက်ချင်းရောက်လာပြီး ယိုးဒယား( ရနောင်း)ဘက်ကိုသွားခဲ့ပါတယ်။
မြန်မာ့ပင်လယ်ရေပြင်မှာလည်း ရခိုင် ဧရာဝတီ ရန်ကုန် မွန် တနင်္သာရီရေတပ်များမှစစ်သင်္ဘောတွေ
မြန်မာ့ရေပိုင်နက် ပါချန်မြစ်ဝသို့စုပြုံရောက်လာခဲ့လို့ ကော့သောင်းတစ်မြို့လုံးအုတ်အော်သောင်းနင်းဖြစ်ခဲ့ရတယ်။
မောင်အေးရဲ့ ညှိနှိုင်းမှုအရ ထိုင်း ရေတပ်ရဲ့ လက်နက်ကြီးကျည် မြန်မာပိုင်နက်ရေပြင်ကို ကျရောက်မှုကြောင့် ထိုင်း( ယိုးဒယား)ဘက်မှမြန်မာအားလျှော်ကြေးငွေ ထိုင်းဘတ် ၅၀ ဘီလျံ လျော်ကြေးပေးခဲ့ရပြီးနှစ်ဖက်ကြေအေးခဲ့ကြတယ်။
ပြောချင်တာက ကရင်ပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်လေယာဥ်ထိုင်းဘက်ခြမ်းသို့လေပိုင်နက် ကျူးကျော်ဝင်ရောက်မှုဖြစ်စဥ်ကိုပြောချင်တာပါ။
မြန်မာစစ်လေယာဥ်တွေ ထိုင်းပိုက်နက်ထဲကို ဝင်ရောက်ခဲ့တဲ့ကိစ္စ ကို ထိုင်းဝန်ကြီးချုပ်ပရာယွတ်က အရေးကြီးကိစ္စမဟုတ်ဘူးလို့ ပြောဆိုထားပေမယ့် ထိုင်းကာကွယ်ရေးဒုဝန်ကြီးကတော့ စစ်ကောင်စီကနေလျော်ကြေးတောင်းထားတယ်လို့ဆိုပါတယ်။
ဒါကြောင့် ၂၀၀၄ ခုနှစ်က ထိုင်းနိုင်ငံဘက်က လျော်ကြေးပေးခဲ့ရတဲ့ဖြစ်စဥ်ကို ထိုင်းနိုင်ငံသားတွေသိရှိစေနိုင်ဖို့(ထိုင်းဘာသာစကားတတ်သူတွေဘာသာပြန်တင်ပေးကြစေချင်လို့) အယ်ဒီတာထံပေးစာ ကဏ္ဍကနေတဆင့် ဖော်ပြလိုက်ပါတယ်။
ပေးပို့သူ – ဖြစ်စဥ်ဖြစ်ခဲ့ချိန်က ကော့သောင်းမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦး
The Tanintharyi Times