NUG နဲ့ လက်အောက်ခံကာကွယ်‌ရေးတပ်တွေကို တိုက်ခိုက်မှုတွေ လုံးဝရပ်ဆိုင်းသွားအောင် ဆောင်ရွက်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

NUG နဲ့ လက်အောက်ခံကာကွယ်‌ရေးတပ်တွေကို တိုက်ခိုက်မှုတွေ လုံးဝရပ်ဆိုင်းသွားအောင် ဆောင်ရွက်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG)နဲ့ ထောက်ခံအားပေးနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို တိုက်ခိုက်မှုတွေ လုံးဝရပ်ဆိုင်းသွားအောင်ဆောင်ရွက်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီကနေ့မနက်မှာ ကျင်းပတဲ့ (၇၈) ကြိမ်မြောက်တပ်မတော်နေ့အခမ်းအနားမှာ ပြောဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုး (NUG)နဲ့ ‌ထောက်ခံအားပေးနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို အကြမ်းဖက်အဖွဲ့တွေလို့ ပြောဆိုထားပြီး အဆိုပါအဖွဲ့တွေရဲ့အကြမ်းဖက်လုပ်ရပ်တွေကို မဖော်ပြဘဲ စစ်ကောင်စီအစိုးရအပေါ်ဝေဖန်အပြစ်တင်နေတဲ့ နိုင်ငံအချို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက တာဝန်ရှိသူအချို့ကိုလည်း အလွန်လွဲမှားတဲ့လုပ်ရပ်တွေကိုလုပ်ဆောင်နေတာလို့ ၎င်းက မိန့်ခွန်းမှာ ထည့်သွင်းပြောထားပါတယ်။

ဒါ့အပြင် ထောက်ခံအားပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် EAOs တွေကိုလည်း ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမယ်လို့ ပြောဆိုထားသလို ငြိမ်းချမ်းရေးစားပွဲဝိုင်းကို လာရောက်နိုင်အောင် အစဉ်အမြဲ တံခါးဖွင့်ပေးတယ်လို့လည်း ပြောသွားခဲ့ပါတယ်။

၎င်းရဲ့ မိန့်ခွန်းမှာ အရေးယူမယ်ဆိုတဲ့ အကြောင်းအရာတွေအပြင် နောင်မှာကျင်းပမယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလည်း ထည့်သွင်းပြောထားတာ တွေ့ရပါတယ်။

လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အကြောက်အလန့်မရှိ မဲပေးနိုင်အောင် စောလျင်စွာဆောင်ရွက်နိုင်ဖို့လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ ရွေးကောက်ပွဲကို စောစောဆောင်ရွက်နိုင်ဖို့အတွက် အဓိကလိုအပ်ချက်ဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းဖို့လိုတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဒီမနက်ကျင်းပတဲ့ တပ်မတော်နေ့မှာ စစ်ရေးပြတာအပြင် စစ်ကောင်စီတပ်ကပစစက်ရုံက ထုတ်လုပ်တဲ့ လက်နက်အများအပြားကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။

The Tanintharyi Times