တူမီးသေနတ်ကိုင်ပြီးရွာမှာ စိန်ခေါ်လေ့ရှိတဲ့ နဘုလယ်ကပျူစောထီးအဖွဲ့ဝင်ဆိုသူ ပစ်သတ်ခံရ
တူမီးသေနတ်ကိုင်ပြီးရွာမှာ စိန်ခေါ်လေ့ရှိတဲ့ နဘုလယ်ကပျူစောထီးအဖွဲ့ဝင်ဆိုသူ ပစ်သတ်ခံရ
ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ မူးဒူးကျေးရွာက ပျူစောထီးအဖွဲ့ဝင်ဆိုသူတစ်ဦး ဒီနေ့ညနေ ၃နာရီဝန်းကျင်မှာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်ခံရပြီးသေဆုံးသူဟာ အသက် ၅၀ ဝန်းကျင်အရွယ် ဦးကံစိုး ဆိုသူဖြစ်တယ်လို့သိရပါတယ်။
” မူးဒူးရွာကအိမ်မှာပဲ ပစ်သတ်ခံလိုက်ရတာပါ။ သေနတ်သံ ၈ ချက်လောက်ဆက်တိုက် ကြားလိုက်ရတယ်” လို့ဒေသခံရွာသားတစ်ဦးကပြောပါတယ်။
ဦးကံစိုးဟာ ရွာသားတွေကိုလက်နက်ပြပြီး အမျိုးမျိုးခြိမ်းခြောက်နေသူဖြစ်တဲ့အပြင် စစ်ကောင်စီနဲ့ပူးပေါင်းပြီးဖမ်းဆီးတာ သတင်းပေးတာတွေကိုပါပြုလုပ်နေသူဖြစ်တယ်လို့လည်းသိရပါတယ်။
“ရုတ်ရုတ်လုပ်ရင် အကုန်စစ်တပ်နဲ့ဖမ်းခိုင်းပစ်မယ်ဆိုပြီးခြိမ်းခြောက်တယ်။ တူမီးသေနတ်ကိုသွားလေရာယူသွားနေတာ။ သွေးသောက်အဖွဲ့ဝင်ဖြစ်တယ်လို့လည်း သူကိုယ်တိုင်ကြုံးဝါးတာမျိုးရှိတယ်” လို့ မူးဒူးရွာသားတစ်ဦးကပြောပါတယ်။
ပစ်ခတ်ခံရပြီးနောက်မှာတော့အလောင်းကို အရေးပေါ်ကားနဲ့ ရေဖြူမြို့ပေါ်ကိုတင်ဆောင်သွားတယ်လို့သိရပါတယ်။
ဦးကံစိုးကိုဘယ်အဖွဲ့ကပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့မသိရသေးပါဘူး။
အရင်လအတွင်းမှာလည်း နဘုလယ်ဒေသက သွေးသောက်အဖွဲ့ခေါင်းဆောင်ဦးညီညီ ၊ ဧကနိကျေးရွာက စစ်ကောင်စီသတင်းပေးဆိုသူ ဦးကြည်စိုးနဲ့ ဦးမောင်ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံးခဲ့ပါတယ်။
The Tanintharyi Times
