သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်ရင်းက အလံကို ဖြုတ်ချမီးရှို့ပြီး ကရင်အမျိုးသားအလံလွှင့်တင်

သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်ရင်းက အလံကို ဖြုတ်ချမီးရှို့ပြီး ကရင်အမျိုးသားအလံလွှင့်တင်

ဓာတ်ပုံ- Putthiphong Thanaphan(TheReporters)

သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်ရင်းက အလံကို ဖြုတ်ချမီးရှို့ကာ ကရင်အမျိုးသားအလံကို KNU/ KNLA က အခုလ ၁၅ ရက်မှာလွှင့်တင်ခဲ့တယ်လို့ ထိုင်းသတင်းဌာန The Reporters က ဖော်ပြပါတယ်။

ကရင်ပြည်နယ်၊ မြ၀တီမြို့မှာ နောက်ဆုံးကျန်ရှိတဲ့ မြို့စောင့်တပ် ခလရ (၂၇၅)က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ နီးပါးဟာ ထိုင်းနယ်စပ်ရှိ မြ၀တီ အမှတ် -၂ ချစ်ကြည်ရေးတံတားဝင်းကို အခုလ ၁၀ ရက်က ထွက်ပြေးခိုလှုံခဲ့ပြီးနောက် မြဝတီမြို့ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် – KNU/ KNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့ပါတယ်။

အဲ့ဒီ တပ်ဖွဲ့ဝင်တွေဟာ ဒီကနေ့ ခြောက် ရက်မြောက်အထိလည်း တံတားဝင်းအတွင်းချက်ပြုတ် စားသောက်နေထိုင်ကာ၊ ကတုပ်ကျင်းတွေ တူးပြီး နေထိုင်ဆဲဖြစ်ပါတယ်။

The Reporters ရဲ့ ကွင်းဆင်းသတင်းရယူချိန်မှာ (၂၇၅) တပ်ရင်းရှိ ရုံးခန်းထဲက စားပွဲတွေပေါ်မှာ မြေပုံတွေကို ချထားဆဲအနေအထား တွေ့ရပြီး စစ်ယူနီဖောင်းတွေ၊ ရုံးစာရွက်စာတမ်းတွေနဲ့ ဖိုင်တွဲတွေ ပစ်ထားတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေတဲ့ ရုံးခန်းအဆောက်အဦတွေနဲ့ မြို့ထဲက စျေးဆိုင်တွေ၊ အဝေးပြေးကားဂိတ်နဲ့ လူနေအိမ်ခြေ အများအပြား ပျက်စီးနေတာကိုလည်း တွေ့ရပါတယ်။

စစ်ကောင်စီတပ်ရင်းမှာ ကရင့်အလံလွှင့်ထူပြီးနောက် ဒီကနေ့ မနက်မှာတော့ မြို့စောင့်တပ် အမှတ် (၂၇၅) ကို Mig – 29 တိုက်လေယာဉ်နဲ့ ဗုံးကြဲတာတွေ စစ်ကောင်စီဘက်က လုပ်ဆောင်နေတယ်လို့ The Reporters က သတင်းဖော်ပြထားပါတယ်။

The Tanintharyi Times