ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်ရဲ့ သမီးဖြစ်သူ ကို ပြင်သစ်က ဗီဇာသက်တမ်း တိုးပေးနိုင်ဖွယ်မရှိဘူးလို့ ဆို

ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်ရဲ့ သမီးဖြစ်သူ ကို ပြင်သစ်က ဗီဇာသက်တမ်း တိုးပေးနိုင်ဖွယ်မရှိဘူးလို့ ဆို

မြန်မာစစ်တပ်နဲ့ စီးပွားရေးဆိုင်ရာ ပတ်သက်ဆက်နွယ်မှုတွေရှိနေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်ရဲ့ သမီးဖြစ်သူ မသိမ့်ဝင်းထက်ကို ပြင်သစ်အစိုးရက နေထိုင်ခွင့်ဗီဇာ သက်တမ်းတိုးပေးနိုင်ဖွယ်မရှိဘူးလို့ ပြင်သစ်သတင်းဌာန Le Monde က ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်ရဲ့ သမီးဖြစ်သူ မသိမ့်ဝင်းထက်ကို စုံစမ်းစစ်ဆေးပြီး ပိုင်ဆိုင်မှုတွေ သိမ်းဆည်းဖို့၊ ပြင်သစ်နိုင်ငံတွင်း နေထိုင်မှု ဗီဇာကို ပြန်လည်ရုတ်သိမ်းဖို့ ပြင်သစ်အာဏာပိုင်တွေဆီကို Info Birmanie နဲ့ Justice For Myanmar တို့က တောင်းဆိုထားအပြီး ပြင်သစ်အစိုးရဘက်က အခုလို ပြောဆိုလာတာ ဖြစ်ပါတယ်။

မသိမ့်ဝင်းထက်ဟာ ပြင်သစ်နိုင်ငံရှိ အထက်တန်းလွှာစီးပွားရေးကျောင်းတခုဖြစ်တဲ့ HEC Paris ကျောင်းမှာ တက်ရောက်နေတာ ဖြစ်ပါတယ်။

JFM ရဲ့ ဥပဒေအကျိုးဆောင်ပြင်သစ်ရှေ့နေတွေ ဖြစ်ကြတဲ့ ဝီလီယံဘော်ဒန်နဲ့ လစ်လီရာဗွန်တို့က မသိမ့်ဝင်းထက်ရဲ့ ငွေကြေးအရင်းအမြစ်တွေကို ပြစ်သစ်အာဏာပိုင်ထံ အသိပေးတင်ပြဖို့နဲ့ ကျောင်းဝင်ခွင့်ကို ပြန်လည်ရုတ်သိမ်းရေး စဉ်းစားပေးဖို့ HEC Paris ကျောင်းဘက်ကို စာရေးသားပေးပို့ထားပါတယ်။

ရွှေဗျိုင်းဖြူ ကုမ္ပဏီအုပ်စုရဲ့ စီးပွားရေးလုပ်ငန်းစုတွေဟာ မြန်မာစစ်တပ်နဲ့ စီးပွားရေးအရ ပတ်သက်ဆက်နွှယ်နေတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလက ရွှေဗျိုင်းဖြူပိုင်ရှင်ဖြစ်သူ ဦးသိန်းဝင်းဇော် အပါအဝင် သူ့ရဲ့ ဇနီးဖြစ်သူ ဒေါ်တင်လတ်မင်း၊ သမီးဖြစ်သူ မသိမ့်ဝင်းထက်နဲ့ သားဖြစ်သူ ကိုဝင်းပိုင်ကျော်တို့ကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။

ပြင်သစ်သတင်းဌာန Le Monde ရဲ့ ရေးသားချက်အရ မသိမ့်ဝင်းထက်ရဲ့ နေထိုင်ခွင့် ဗီဇာဟာ လာမယ့် ဩဂုတ်လမှာ သက်တမ်းတိုးရမှာဖြစ်ပြီး သူ့ရဲ့ ကျောင်းတက်ရမယ့်ကာလကတော့ အနည်းဆုံးနှစ်ကုန်ပိုင်းအထိ ဖြစ်တယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂ ဒါမှမဟုတ် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိနေခဲ့မယ်ဆိုရင် ဗီဇာထုတ်ပေးမှုမဟုတ်ပါဘူး၊ အဆိုပါ မိန်မးကလေးအနေနဲ့ ဗီဇာသက်တမ်းတိုး လျှောက်လာပြီဆိုရင် ဒါက ပြဿနာတရပ် ဖြစ်လာမှာပါ လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက Le Monde သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

မသိမ့်ဝင်းထက် တက်ရောက်နေတဲ့ HEC Paris ကျောင်းဘက်ကနေလည်း ရှေ့နေတဦးနဲ့ စုံစမ်းမှုတွေ လုပ်ဆောင်နေပြီး ကျောင်းရဲ့ ကျင့်ဝတ်ဆိုင်ရာ ကတိကဝတ်တွေနဲ့ ဆန့်ကျင်နေတဲ့ အခြေအနေ လုပ်ရပ်ရှိခဲ့ရင် အသိပေးတင်ပြမှု မှန်သမျှကို အလေးအနက်ထား ဆောင်ရွက်နေတယ် လို့ Le Monde သတင်းဌာနကို ဖြေဆိုခဲ့ပါတယ်။

ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုဟာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ (MEHL) နဲ့ မိတ်ဖက်ပြုထားကာ ရေနံတင်သွင်းခြင်း အပါအဝင် သတ္တုကဏ္ဍ၊ သစ်ထုတ်လုပ်ရေးကဏ္ဍတွေလည်း ထူထောင်ထားတာ ဖြစ်တယ်လို့ Justice For Myanmar က ထုတ်ဖော်ရေးသားထားပါတယ်။

ရွှေဗျိုင်းဖြူအုပ်စုဟာ ၂၀၂၂ က တယ်လီနောမြန်မာကို ဝယ်ယူလိုက်ပြီး ATOM Myanmar အဖြစ် နာမယ်ပြောင်းလဲလိုက်သလို စစ်တပ်က အကြမ်းဖက်စစ်ဆင်ရေးအဖြစ် ပြည်သူတွေအပေါ် စောင့်ကြည့်ထောက်လှမ်းနေတဲ့အချိန်မှာ တယ်လီနောကနေတဆင့် အသုံးပြုသူတွေရဲ့ သန်းပေါင်းများစွာသော ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေအပေါ် အန္တရာယ် ကျရောက်စေခဲ့တယ်လို့ JFM ဘက်က ပြောဆိုထားတာ ရှိပါတယ်။

မသိမ့်ဝင်းထက်ဟာ ရွှေဗျိုင်းဖြူက တယ်လီနောကို ဝယ်ယူချိန် တည်ထောင်ခဲ့တဲ့ One Telecom ကုမ္ပဏီရဲ့ ရှယ်ယာရှင်နဲ့ ဒါရိုက်တာ တဦးဖြစ်ပြီး ၂၀၂၃ ခုနှစ်က ATOM Myanmar မှာ ဘဏ္ဍာရေးဆန်းစစ်သူအဖြစ် အလုပ်သင်ဆင်းခဲ့တယ်လို့ သိရပါတယ်။

မြန်မာ-ရုရှား မိတ်ဖက်ဆောင်ရွက်မှုခိုင်မာစေရေး ရုရှားနိုင်ငံမှ ယုံကြည်နိုင်သော အရောင်းကိုယ်စားလှယ်များအား ရှာဖွေရန် ဆိုတဲ့ ၂၀၂၂ က ဖွဲ့စည်းထားတဲ့ လုပ်ငန်းစုကြီးမှာ အဖွဲ့ဝင်ဖြစ်နေတဲ့ Min Shwe Enterprise Limited မှာလည်း မသိမ့်ဝင်းထက်ရဲ့ ရှယ်ယာပိုင်ဆိုင်မှုတွေ ရှိနေပါတယ်။

Info Birmanie နဲ့ Justice For Myanmar တို့ဟာ ပြင်သစ် အပါအဝင် ဥရောပသမဂ္ဂ EU အဖွဲ့အစည်းကို ရွှေဗျိုင်းဖြူအုပ်စုနဲ့ မသိမ့်ဝင်းထက် အပါအဝင် ကုမ္ပဏီပိုင်ရှင်တွေ၊ ဒါရိုက်တာတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အရေးတကြီးချမှတ်ဖို့၊ စစ်အုပ်စုရဲ့ ဘဏ္ဍာရေး၊ စစ်လက်နက်၊ စက်ပစ္စည်း၊ လေယာဉ်ဆီရရှိမှုတွေကို ပိတ်ပင်ဖြတ်တောက်ဖို့ရန် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေကို မိမိတို့ မဟာမိတ်တွေနဲ့ ပူးပေါင်းညှိနှိုင်းကာ တိုးမြှင့်ချမှတ်ပေးဖို့ တောင်းဆိုထားတာ ရှိပါတယ်။

The Tanintharyi Times