မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့တပ်အဖြစ် မွန်ပြည်တော်လှန်ရေးတပ် MSRF ရပ်တည်သွားမယ်
မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့တပ်အဖြစ် မွန်ပြည်တော်လှန်ရေးတပ် MSRF ရပ်တည်သွားမယ်
ရေးတောင်ပိုင်းမှာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ စစ်ရေးလှုပ်ရှားနေတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ တပ်အဖြစ် ရပ်တည်သွားမယ်လို့ ပူးတွဲကြေညာချက်တစ်စောင်ကို ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ မွန်ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုကို ခံယူပြီး မွန်ပြည်တပ် (သို့) မွန်ပြည်နယ်တပ်အဖြစ် ရပ်တည်သွားမယ်လို့ ဆိုပါတယ်။
“ကျနော်တို့တပ်က မွန်လူမျိုးတစ်မျိုးထဲကို အခြေခံတဲ့တပ်မဟုတ်ဘဲ မွန်ပြည်တပြည်လုံးရဲ့ ပြည်သူကို ကိုယ်စားပြုတဲ့တပ်အဖြစ်နဲ့ MSFC ရဲ့ စစ်ရေး၊ နိုင်ငံရေး ဦးဆောင်မှုအောက်က လှုပ်ရှားဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောပါတယ်။
တော်လှန်ရေးကြားကာလမှာ မွန်နိုင်ငံရေးဦးဆောင်မှုကဏ္ဍရဲ့ ယူနစ်တစ်ခုဖြစ်တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ရည်မှန်းချက်တူညီတာကြောင့် နိုင်ငံရေးဦးဆောင်မှုကော်မတီတရပ်အနေနဲ့ လက်ခံတာ လို့ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ကောင်စီဝင်နဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းက လည်း စစ်အာဏာရှင်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ဖို့အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က စစ်ကြောင်းတွေအပြင် ပြည်နယ်အခြေပြုတပ်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါတာကြောင့် MSRF ကို ပြည်နယ်တပ်အနေနဲ့ သတ်မှတ်ပြီး ရည်မှန်းချက်တူညီတဲ့ အဖွဲ့အချင်းချင်းကြား စုစည်းတာလို့ ပြောပါတယ်။
ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ မွန်ပြည်တော်လှန်ရေးတပ်အတွက် စစ်ဘက်ရေးရာ လိုအပ်ချက်တွေကို မွန်ပြည်ဖက်ဒရယ်ကောင်စီဘက်က တာဝန်ယူဖြည့်ဆည်းသွားမယ်လို့ ရေးသားထားပါတယ်။
စစ်ဘက်ရေးရာ လိုအပ်ချက်ဆိုတဲ့အပေါ် MSRF ပြောခွင့်ရသူ နိုင်နဂါးကတော့ အခြား ဒေသလို မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေ ဖော်ဆောင်တဲ့နေရာမှာ လိုအပ်တဲ့ ဗျူဟာမြောက်လက်နက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန MOD နဲ့ ညှိနှိုင်းတိုင်ပင်အကူအညီ တောင်းခံပြီးတော့ မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီဟာ လောလောဆယ်မှာ MSRF အတွက် ရိက္ခာ၊ စားစရိတ်၊ ကုသရေးနဲ့ မိသားစုဝင်တွေကို စောင့်ရှောက်ပေးပြီးတော့ အခြားမဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်ဖို့ ပံ့ပိုးနေပါတယ်လို့ ပြောဆိုထားပါတယ်။
“နောင်ဆိုလည်း စစ်ဘက်ဆိုင်ရာလိုအပ်ချက်ဖြစ်တဲ့ သင်တန်းကိစ္စတွေကို ပံ့ပိုးသွားမယ်။စစ်လက်နက်ပစ္စည်းတွေကို မထောက်ပံ့နိုင်သေးပါဘူး။ ရှာဖွေသွားမှာပါ” လို့ နိုင်မွန်စိုင်းက ဆက်ပြောပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ မွန်မှာရှိတဲ့ တခြားသော တော်လှန်ရေးတပ်တွေကိုလည်း မဟာမိတ်အနေနဲ့ စုစည်းသွားနိုင်ဖို့ ဆွေးနွေးနေတာရှိသလို မွန်ပြည်နယ်အခြေပြုတပ်အနေနဲ့ ရပ်တည်လိုရင် ကောင်စီဘက်က ကြိုဆိုသွားမယ်လို့ ကောင်စီပြောခွင့်ရသူက ဖိတ်ခေါ်ထားပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ ရေးမြို့နယ်တောင်ပိုင်းမှာ စစ်ရေးလှုပ်ရှားနေကြတဲ့ ဒေါနစစ်ကြောင်း၊ ABSDF တပ်ရင်း – ၁၊ ရေးပြောက်ကျားတပ် YGF၊ ရေးပြည်သူ့ကာကွယ်ရေးတပ် YDF၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးတပ်ဖွဲ့ MSRO၊ Ye Air Force YAF စတဲ့ တပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်အဖြစ် ပူးပေါင်းထားပါတယ်။
ပြီးခဲ့တဲ့ ၁၁ ရက်နေ့က အဆိုပါ မဟာမိတ်တပ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွက်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး စစ်ရေးအရှိန်မြှင့်ကာ တိုက်ပွဲတွေ ဖော်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
