ထားဝယ် သပိတ်မျှောပွဲကျင်းပမယ့်နေရာအနီးမှာ ဗုံးနှစ်လုံးထပ်ပေါက်
ထားဝယ် သပိတ်မျှောပွဲကျင်းပမယ့်နေရာအနီးမှာ ဗုံးနှစ်လုံးထပ်ပေါက်

ထားဝယ်ရိုးရာသပိတ်မျှောပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ ထားဝယ်မြို့၊ ကမ်းနားလမ်းက သဲကွင်းအနီးမှာ ဒီနေ့မနက်ပိုင်း ဗုံးနှစ်လုံးထပ်မံပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
အခုမနက် ၈ နာရီ ၁၀ မိနစ်မှာ တစ်ကြိမ်နဲ့ ၈ နာရီခွဲမှာ တစ်ကြိမ် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
အဲဒီပေါက်ကွဲမှုတွေ ကြောင့် အမျိုးသမီးတစ်ဦး ဗုံးစထိမှန်ခဲ့တယ်လို့ ကနဦးသိရပါတယ်။
“တစ်လုံးပေါက်ပြီး ဆယ်မိနစ်လောက်ကြာတာနဲ့ နောက်တစ်လုံးထပ်ပေါက်တာ” လို့ မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒီနေ့မနက် ပေါက်ကွဲမှုဟာ တော်လှန်ရေးတပ်တွေဘက်က ဒရုန်းနဲ့ဗုံးသီးချနေတာလို့ မြို့ခံတွေက ခန့်မှန်းပြောဆိုပါတယ်။ အဲဒီပြောဆိုချက်အပေါ် တနင်္သာရီတိုင်းမ်က သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ဗုံးပေါက်ကွဲပြီးနောက် ကမ်းနားလမ်းက သပိတ်မျှောပွဲကျင်းပမယ့်နေရာ တစ်လျှောက်လုံးကို စစ်ကောင်စီတပ်ကလမ်းပိတ်လိုက်ပြီး အင်အားအများအပြားနဲ့ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။
သပိတ်မျှောပွဲကျင်းပမယ့်နေရာ အနီးအနားက ကမ်းနားစျေးမှာလည်း စျေးသည်တွေ စျေးဆိုင်သိမ်းပြီး အိမ်ပြန်နေကြတယ်လို့ ဆိုပါတယ်။
“စျေးခေါင်းရုံးကနေ ဆိုင်သိမ်းဖို့လာပြောသွားတာ။ အခုစျေးတစ်ခုလုံး ပွက်လောရိုက်နေပြီ” လို့ ကမ်းနားစျေးမှာ စျေးရောင်းချနေတဲ့ အမျိုးသမီးတစ်ဦးက အခုမနက် ၉ နာရီခွဲလောက်မှာပြောပါတယ်။
မနေ့က မနက်ပိုင်းမှာလည်း အခုဗုံးပေါက်ကွဲတဲ့နေရာနဲ့ မလှမ်းမကမ်းက ကမ်းနားစျေးအနောက်ဘက်ခြမ်းမှာ ဗုံးပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့ပါသေးတယ်။
ဒါ့အပြင် ညနေပိုင်းမှာလည်း ကမ်းနားလမ်းက စက်သုံးဆီသိုလှောင်ရောင်းချနေတဲ့ ဆီဘောတစ်ခုထပ်မံပေါက်ကွဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီမီးလောင်မှုကြောင့် သေဆုံးသူ ဆယ်ဦးနီးပါးအထိရှိလာပြီး ဒီနေ့မနက် ၈ နာရီ ခွဲဝန်းကျင်အချိန်မှ မီးငြိမ်းသတ်နိုင်ခဲ့တာလို့ မြို့ခံတွေက ဆိုပါတယ်။
မနေ့က ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားပြီးနောက် ညပိုင်းမှာတော့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)တပ်ရင်းရဲ့ လက်ရုံးဒရုန်းတပ်ဖွဲ့ဖြစ်တဲ့ Sky Ghost Drone Force(SGDF) က မြို့တွင်းစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်လာပါတယ်။
SGDFကထုတ်ပြန်တဲ့ စစ်ဆင်ရေးဟာ ဘယ်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ထုတ်ပြန်တယ်ဆိုတာကိုတော့ ထည့်သွင်းရေးသားထားတာမျိုးမရှိပါဘူး။
အဲဒီ စစ်ဆင်ရေးထုတ်ပြန်ချက်မှာပဲ စစ်ကောင်စီကဦးဆောင် ပြုလုပ်တဲ့ပွဲလမ်းသဘင်တိုင်းကို ထားဝယ်သူ၊ ထားဝယ်သားတွေ အနေနဲ့သွားလာတာမလုပ်ကြဖို့ လေးလေးနက်နက်တောင်းဆိုကြောင်း တောင်းဆိုထားပါတယ်။
မလိုက်နာရင် နောက်ဖြစ်လာမယ့် ဆိုးကျိုးတွေကို SGDFဒရုန်းရဲဘော်တွေ အနေနဲ့ လုံးဝတာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
The Tanintharyi Times