ကော့ကရိတ်မြို့ပေါ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ရဲမှူးအပါအဝင် ၁၂ ဦးသေ
ကော့ကရိတ်မြို့ပေါ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ရဲမှူးအပါအဝင် ၁၂ ဦးသေ
ကော့ကရိတ်မြို့ပေါ်မှာ ဒီကနေ့မနက်ကဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ရဲမှူးအပါအဝင် ၁၂ဦးသေဆုံးပြီး တရားရုံးဥပဒေအရာရှိနဲ့ ရုံးလုပ်သားတစ်ဦးတို့ကို အရှင်ဖမ်းမိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
မြို့ပေါ်က ရဲစခန်းကို KNLA ပူးပေါင်းစစ်ကြောင်းက မနက် ၁၀ နာရီလောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ၁၅မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွါးခဲ့တယ်လို့ RiSE News က ဖော်ပြထားပါတယ်။
ဒီပစ်ခတ် တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က လက်နက် ၆ လက်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
တိုက်ပွဲမှာ ကျေးရွာတွေဘက်ကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အချက် ၅၀ ထက်မနည်း ပစ်ခဲ့တဲ့အတွက် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စိုးရိမ်ရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
ပစ်ခတ်မှုအပြီးမှာ ကော့ကရိတ်မြို့ပေါ် တောင်ပေါ်ကျောင်းနေရာအပါအဝင် နေရာအနှံ့အပြားမှာ စစ်ကောင်စီတပ်က လမ်းတွေပိတ်ဆို့ပြီး စစ်ဆေးခဲ့တယ်လို့ RiSE News က ရေးထားပါတယ်။

The Tanintharyi Times
