KNU ရဲ့ကားတန်းကို ကော်သူးလေတပ်မ‌တော်ဘက်က ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တာလို့ဆို

KNU ရဲ့ကားတန်းကို ကော်သူးလေတပ်မ‌တော်ဘက်က ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တာလို့ဆို

ပုံစာ - ကော်သူးလေတပ်မတော်က ဗိုလ်အယ်ခွီးနဲ့ရဲဘော်တွေ။

KNU တပ်မဟာ ၄ နဲ့ KNLAက အရာရှိတွေလိုက်ပါလာတဲ့ကားတန်းကို ကော်သူးလေတပ်မတော်ဘက်က ရည်ရွယ်ချက်ရှိရှိ စောင့်ကြိုပစ်ခတ်ခဲ့တာလို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုစောအယ်နားကပြောပါတယ်။

အခုလ ၁၃ ရက်နေ့က ထားဝယ်-ထီးခီးလမ်းပိုင်းမှာရှိတဲ့ ရင်ကွဲတောင်အနီးမှာ KNU တပ်မဟာ ၄ နဲ့ KNLAက အရာရှိတွေလိုက်ပါလာတဲ့ကားတန်းက ရှေ့ပြေးကားနှစ်စီး ကြားဖြတ်ပစ်ခံခဲ့ရပါတယ်။

ပစ်ခတ်ခံရတဲ့ ကားတွေပေါ်မှာ KNLA တပ်ရင်း ၁၀က တပ်ရင်းမှူးစောဘွာ၊ KNU တပ်မဟာ ၄ က ဗိုလ်မှူးစောဒါးနေအပြင် တပ်မဟာရဲဘော်တွေ၊ KNLA တပ်ရင်း ၁၀၊ တပ်ရင်း ၁၂နဲ့ တပ်ရင်း ၇ တို့ကရဲဘော်တွေလိုက်ပါလာတာဖြစ်ပါတယ်။

KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့အတွင်းရေးမှူးဖြစ်တဲ့ ပဒိုစောအယ်နားကတော့ KNU ရဲ့ကားတွေလာမှာကို ကြိုသိတာကြောင့် ကော်သူးလေတပ်မတော်ရဲ့ ဗိုလ်အယ်ခွီးဦးဆောင်တဲ့အဖွဲ့က ရည်ရွယ်ချက်ရှိရှိ စောင့်ကြိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“တမင်စောင့်ပြီးတော့ ရည်ရွယ်ချက်ရှိရှိပစ်တာပါ။ သူတို့ကခြုံထဲမှာနေရာယူပြီးမှ ပစ်ခတ်တာပဲ။ မှားပစ်တာမျိုးမဟုတ်ဘူး။ ဒီလမ်းတွေက KNU ထိန်းချုပ်နယ်မြေတွေပဲလေ။ အရင်ကရော အခုရော ကျနော်တို့ သွားလာနေကျလမ်းတွေပဲ” လို့ ပဒိုစောအယ်နားကပြောပါတယ်။

ကော်သူးလေတပ်မတော်ဘက်ကပစ်ခတ်မှုကြောင့် KNU ဘက်က ရဲဘော် ၆ ဦးထိခိုက်ဒဏ်ရာရပြီး အဲဒီထဲကတစ်ဦးကတော့ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ပဒိုစောအယ်နားရဲ့ပြောပြချက်အရ သိရပါတယ်။

ကော်သူလေးတပ်မတော်ဘက်က ပစ်ခတ်တဲ့အချိန် KNU ရဲ‌ဘော်တွေဘက်ကလည်း ပြန်လည်ခုခံပစ်ခတ်ခဲ့လို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ စောင့်ကြိုပစ်ခတ်ခဲ့တဲ့ ကော်သူးလေတပ်မတော်ဘက်က ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။

ကော်သူးလေတပ်မတော် ဆာကပေါတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်ကိုချမ်းကတော့ အဲဒီဘက်ကနယ်မြေအခြေအနေနဲ့ပတ်သက်ပြီး သေချာမပြောပြတတ်တာကြောင့် ကော်သူးလေတပ်မတော် ဆာကဆောတပ်မဘက်ကို ဆက်သွယ်မေးမြန်းဖို့ တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။

ကော်သူးလေတပ်မတော်ရဲ့ ဆာကဆောတပ်မရဲ့ တာဝန်ရှိသူတွေဘက်ကိုတော့ လက်ရှိအချိန်ထိ ဆက်သွယ်လို့မရသေးပါဘူး။

KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့အတွင်းရေးမှူးဖြစ်တဲ့ ပဒိုအယ်နားကတော့ ကော်သူးလေတပ်မတော်ဘက်က အခုလိုပစ်ခတ်တာဟာ KNU ကိုဆန့်ကျင်ပြီးနယ်မြေစိုးမိုးတာတွေလုပ်ချင်ပေမဲ့ နယ်မြေကိုလွတ်လွတ်လပ်လပ်မစိုးမိုးနိုင်တာကြောင့် အခုလိုခြုံခိုပစ်ခတ်တာ၊ ကြံစည်တာတွေလုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

“ဗိုလ်အယ်ခွီး (ကော်လာဖိုး)ဦးဆောင်တဲ့အဖွဲ့ကညှိလို့မရဘူး။ တကယ်တမ်း စကစကိုတိုက်ကြတဲ့အချိန်မှာ သူတို့ကမကူကြဘူး။ ခေါ်လည်း ခေါ်လို့မရဘူး။ ကျနော်တို့ စကစကိုတိုက်နေတဲ့အချိန် အခွင့်‌‌ကောင်းယူပြီး နယ်မြေထဲကိုဝင်လာတယ်၊ ဂိတ်ချတယ်။ စကစကိုမတိုက်ဘဲနဲ့ ကျနော်တို့ကိုဘဲ ရန်ရှာပြီးအခွင့်အရေးယူတိုက်နေတာ” လို့ ပဒိုအယ်နားကဆက်ပြောပါတယ်။

အခုနှစ်အတွင်းလုပ်ဆောင်ခဲ့တဲ့ ထားဝယ်ခရိုင်အတွင်းက စခန်းသိမ်းတိုက်ပွဲတွေမှာ KNLA တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတူနဲ့ ကော်သူလေတပ်မတော်ကရဲဘော်တွေလည်း ပူးပေါင်းပြီး တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

ပဒိုစောအယ်နားကတော့ ကော်သူးလေတပ်မတော်က အဖွဲ့ငယ်တချို့ဟာ KNU နဲ့ ပူးပေါင်းလုပ်ဆောင်ချင်ပေမဲ့ ဗိုလ်အယ်ခွီးကခွင့်မပြုတာကြောင့် လက်တွဲပူးပေါင်းလို့မရဲကြတဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။

KNU တပ်မဟာ ၄ နဲ့ ကော်သူးလေတပ်မတော်တို့ကြားမှာ ပြီးခဲ့တဲ့နှစ် နှစ်ဆန်းပိုင်းကလည်း နှစ်ဖက်တိုက်ပွဲတွေအထိရှိခဲ့ပြီး နှစ်ဖက်စလုံးမှာလည်း ရဲဘော်ကျဆုံးတာနဲ့ ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း KNLA စစ်ဘက်ရေးရာကွပ်ကဲမှူး ဗိုလ်မှူးစောဖိုးစီ စီးနင်းလာတဲ့ကားကို ကော်သူးလေတပ်မတော်ဘက်က ပစ်ခတ်ခဲ့တာကြောင့် ဗိုလ်မှူးစောဖိုးစီနဲ့ ရဲဘော်တစ်ဦးသေဆုံးခဲ့ပါတယ်။

The Tanintharyi Times