“အခုတော့ အကုန်လုံးအပူမီးဝိုင်းနေကြပြီ”

“အခုတော့ အကုန်လုံးအပူမီးဝိုင်းနေကြပြီ”

အမြတ် ၁၅ ရာခိုင်နှုန်း မက်လုံးနောက်လိုက်မိသူတွေရဲ့သောက

အမြတ်ငွေ ၁၅ ရာခိုင်နှုန်းကို လတိုင်းပေးမယ်ဆိုတဲ့ Forex Trading နာမည်ခံထားတဲ့ လုပ်ငန်းဟာ ထားဝယ်ဒေသမှာ ခေတ်စားလာပြီးသိပ်မကြာခင်မှာပဲ ငွေထည့်ဝင်သူတွေ မျက်ဖြူဆိုက်နေရတဲ့အခြေအနေရောက်နေရပါပြီ။ ‌အဲဒီလုပ်ငန်းရဲ့ ခေါင်းဆောင် ဒေါက်တာညီညီတွေ ဖမ်းဆီးစစ်ဆေးခံနေရတယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် ဒေသခံတွေကို စည်းရုံးခဲ့တဲ့တဆင့်ခံလီဒါတွေဟာ တိမ်းရှောင်နေကြပြီး ငွေထည့်ဝင်ထားတဲ့သူတွေဟာလည်း လွန်ခဲ့တဲ့သုံးလလောက်ကစလို့ အမြတ်‌ငွေတွေမရ‌ တော့ပါဘူး။

‌Forex Trading ကိုမသိရှိဘဲ ငွေထည့်ဝင်ထားတဲ့သူတွေဟာ ဘယ်လိုပုံစံနဲ့ ငွေထည့်ဝင်ထားကြတာပါလဲ၊ လက်ရှိမှာရော သူတို့ဘယ်လိုတွေကြုံနေရသလဲ။ ‌နိုင်ငံတကာငွေကြေးစျေးကွက်အကြောင်းနားလည်တဲ့သူတွေကရော ဘာကြောင့် ‌ဒေါက်တာညီညီဆွေရဲ့လုပ်ငန်းဟာ လိမ်လည်တဲ့လုပ်ငန်းလို့ အစကတည်းကကြိုသိပြီး တထစ်ချပြောနိုင်နေတာလဲ။ ဒီအကြာင်းတွေကို ဒီတစ်ပတ်တောင်ပိုင်းသားတို့အသံ အစီအစဥ်ကနေ မေးမြန်းတင်ဆက်ထားပါတယ်။

(တောင်ပိုင်းသားတို့အသံ)

◉ ငွေသိန်းနှစ်ရာကျော် ထည့်ဝင်ထားတဲ့ အသက် ၅၀ ကျော်အရွယ် ထားဝယ်မြို့ခံစျေးသည်အမျိုးသမီး

မေး – ဘယ်အချိန်ကတည်းက ‌ဒေါက်တာညီညီဆွေရဲ့ လုပ်ငန်းမှာ ငွေထည့်ဝင်ထားတာလဲ၊ ဘယ်လောက်ပမာဏထည့်ဝင်ထားတာပါလဲ။

ဖြေ – ထည့်ထားတာကတော့ အခုနှစ်စလောက်က ထည့်လိုက်တာ။ တစ်ရာအရင်ဆုံးထည့်လိုက်တာ။ သိန်းတစ်ရာ‌‌ပေါ့နော်။ ပြီးတော့ ထပ်ထည့်ဖို့ပြောကြတယ်လေ ရနေတာပဲဆိုတော့။ အဲမှာ သိန်းငါးဆယ်ထည့်လိုက်တယ်။ ပြီးတော့ အတိုးပြန်ရတဲ့ ၁၅ ရာခိုင်နှုန်းကိုလည်း မသုံးဘဲပြန်ထည့်တာပါ့။ အကုန်လုံးဆို သိန်းနှစ်ရာကျော်လောက်ထည့်ထားလိုက်တာပေါ့။

မေး – ဘယ်သူတွေကတဆင့် ဘယ်လိုပုံစံနဲ့ထည့်ဝင်ခဲ့တာလဲ။ တရားဝင် စာချုပ်စာတမ်းတွေနဲ့ ထည့်ထည့်ဝင်ရတာမျိုးလား။

ဖြေ – အ‌‌ဒေါ်တို့ထည့်ထားတာက ညီမတွေ အစ်မတွေကပြောတော့ ထည့်လိုက်တာပေါ့။ ခေါ်တာက သူတို့နဲ့သိနေတဲ့သူတွေပဲတဲ့။ သူတို့ကလည်း ကောင်းစေချင်လို့ ပါ။ ပိုက်ဆံရနေတုန်းကပေါ့။ စာချုပ်စာတမ်းတွေတော့ ဘာမှမရှိပါဘူး။ ရှင်းရှင်းပြောရရင် ဘာလုပ်လဲဆိုတာတောင် နားမလည်ဘူး။ နိုင်ငံခြားငွေတွေဘာတွေ နားမလည်ဘူး။ ဝိုင်းပြောကြတာပေါ့နော် စျေး‌ရောင်းရတာလည်း အဆင်မပြေတော့ ဒါလေးထည့်ထားရင် လတိုင်းအမြတ်ထွက်နေတာပေါ့ဆိုပြီး။ ပိုက်ဆံလေးလည်း တိုးပွားတယ်ဆိုပြီးပြောတာပေါ့။ ကိုယ်နားဝန်းကျင်မှာလည်း ထည့်ကြတယ်လေ။ အဲတော့ ထည့်လိုက်တာ။ ရှိတာတွေအကုန်‌ရောင်းချပြီး ပေါင်နှံပြီး ထည့်လိုက်တာ။ ရှိစုမဲ့စုအကုန်ပါပဲ။

မေး – ကိုယ့်အသိမိတ်ဆွေတွေထဲမှာ ထည့်ဝင်ထားတဲ့သူတွေများလား။ အိမ်တွေမြေတွေပေါင်ပြီးတောင် ပါဝင်ထားကြတာရှိတယ်လို့ ကြားရတော့ အဲလိုတွေရောရှိလား။

ဖြေ – အများကြီးပေါ့။ အိမ်ပေါင်မြေပေါင်တွေလည်း အများကြီးပေါ့။ စစချင်းတောင် မောင်နှမသားချင်းတွေထဲမှာတောင် ငါးရာထည့်တဲ့လူထည့် ခုနစ်ရာထည့်တဲ့သူထည့်။ ဒီလူဒီလူ နှစ်ယောက်သုံးယောက်ပေါင်းရင်တောင် သိန်းထောင်ကျော်တယ်လေ။ တချို့က အတိုးနဲ့ချေးပြီးတောင်ထည့်ကြတာလေ။ ကိုယ်တွေ သိန်းနှစ်ရာဆိုတာတောင် နည်းတဲ့ထဲပါတယ်။ သူများတွေ‌ လေးကျပ်တိုး၊ ငါးကျပ်တိုးနဲ့ချေးပြီး ထည့်ကြတယ်။ ၁၅ ကျပ်အမြတ်ပြန်ရလို့ အတိုးပေးထားရင်ကို ဆယ်ကျပ်လောက်က ကျန်နေတာကိုး။ အဲဒါတွေအကုန် ပူပင်သောကရောက်၊ အကုန်စိတ်သောကရောက်နေတာပေါ့။ အခုတော့ အကုန်လုံးအပူမီးဝိုင်းနေကြပြီ။ ယူထားတဲ့အတိုးတွေလည်း မပေးနိုင်ဘူးဖြစ်နေကြတယ်။

မေး – လတိုင်း ထည့်ထားတဲ့ ပမာဏရဲ့အမြတ်ငွေ ၁၅ ရာခိုင်နှုန်းကိုရလား။ လက်ရှိမှာရော အမြတ်‌ငွေရသေးလား၊ မရရင် ဘယ်အချိန်ကစပြီးမရတော့တာလဲ။

ဖြေ – သုံးလရတယ်။ မှတ်မှတ်ရရပဲ။ ပြီးတော့ လေးလပိုင်း(ဧပြီလ)ကစပြီး မရတော့ဘူး။ မရတာ သုံးလရှိပြီပေါ့။ ဘာဖြစ်လို့လဲမေးတော့ ခေါင်းဆောင်တွေ စစ်ခံနေရတယ်၊ ဖမ်းခံထားရတယ်ဆိုပြီးပြောတာပေါ့။ အဒါကြောင့် မရတော့ဘူးဆိုပြီး လိုင်းပေါ်ကပြောတာပါ။

မေး – အမြတ်ငွေတွေ မရတော့တဲ့ အဲဒီနောက်ပိုင်းမှာ တဆင့်ခံလီဒါတွေနဲ့ အဆက်အသွယ်ရသေးလား။ သူတို့ဘယ်လိုဆက်လုပ်မယ်လို့ပြောထားလဲ။

ဖြေ – အပေါ်မှာ ဖမ်းတာဆီးတာရှိနေတော့ သူတို့လည်းရှောင်နေတယ်တဲ့။ အဒေါ်တို့ကို လာခေါ်တဲ့သူ‌တွေပေါ့‌နော်။ လီဒါလားဘာလား ဘယ်လိုခေါ်လဲ။ ပြဿနာတွေ ရှုပ်လာမှာစိုးလို့ သူတို့လည်း ရှောင်နေရတယ်လို့ ဖုန်းနဲ့ပြောတယ်လေ။ ဘာဆက်လုပ်မယ်တော့ သူတို့လည်း ဘာမှသေချာမပြောဘူး။

မေး – ဒေါက်တာညီညီဆွေ အဖမ်းခံရတယ်လို့ သူမိသားစုနဲ့ လီဒါဆိုတဲ့သူတွေက ပြောတယ်ပေါ့နော်။ နိုင်ငံတကာငွေကြေးအရောင်းအဝယ်အကြောင်းနားလည်သူတွေကတော့ ဒါဟာလိမ်ထားတာ၊ သူတို့အဖမ်းခံရတာမဟုတ်ဘဲလိမ်ပြေးသွားတာလို့ ပြောကြတယ်။ သတင်းတွေလည်းတက်နေပြီပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုထင်ပါသလဲ။

ဖြေ – ပြောလို့လည်း မတတ်တော့ပါဘူး။ လိမ်ရင်လည်း ကိုယ့်မှာဆုံးသွားပြီဆိုပြီးပဲ ခံစားရမှာပေါ့။ ကိုယ့်ထက်များတဲ့သူ‌တွေလည်း အများကြီးရှိနေကြတော့ ဘယ်လိုဖြစ်မလဲမသိပါဘူး။ ကိုယ့်နီးနားကလူတွေကတော့ ပြန်ရသွားလိမ့်မယ်၊ ဒေါက်တာတို့ ပြန်လွတ်လာရင် အားလုံးအဆင်ပြေသွားလိမ့်မယ်လို့ ပြောကြတာပေါ့နော်။ ကိုယ်တွေတော့ မပြောတတ်တော့ဘူး။

မေး – ဒေါက်တာညီညီဆွေဟာ ပိုင်ဆိုင်မှုတွေအသိမ်းခံရပြီလို့ လီဒါတွေကတင်ထားတယ်ပေါ့နော်။ ပြီးတော့ ပြန်လွတ်လာပြီးရင် ချေးငှားပြီး၊ စီးပွားရေးလုပ်ငန်းတွေလုပ်ပြီး သုံးနှစ်ကနေလေးနှစ်အတွင်း ထည့်ဝင်ထားတဲ့ငွေတွေအကုန်လုံး ပြန်ပေးမယ်လို့လည်း ဆိုတယ်။ အဲဒါကိုရော ယုံကြည်ပါသလား။ ဘယ်လိုတွေဆက်ဖြစ်လာနိုင်တယ်လို့ ထင်လဲ။

ဖြေ – ဒါကတော့ ဘယ်လိုဖြစ်နိုင်မှာလဲ။ တစ်ယောက်ကို‌တောင် သိန်းထောင်နဲ့ချီပါကြတာကိုး။ အိမ်ပေါင်မြေပေါင်၊ ရွှေ‌‌‌ရောင်းငွေ‌ရောင်းအကုန်ထည့်ကြတာကိုး။ တစ်တိုင်းပြည်လုံးဆိုရင် ဘယ်လောက်တောင်များမလဲ။ အကုန်သိမ်းခံထားရတဲ့လူက ဒါတွေကို ပြန်ပေးဖို့ဆိုတာတော့ မယုံကြည်တော့ဘူးပေါ့။ ဖြစ်လည်းမဖြစ်နိုင်တော့ဘူးလေ။ လူတွေက စီးပွား‌ရေးလည်းမကောင်းတော့ လတိုင်းဒီကရတဲ့‌ငွေတွေနဲ့နေမယ်ဆိုပြီးလုပ်ကြတယ်။ အိမ်နားကတစ်‌ယောက်ဆိုရင် သူ့စားသောက်ဆိုင်ကိုတောင် ရောင်းပြီးထည့်ထားတာလေ။ အခုကတော့ ဖြစ်သွားပြီပေါ့။

မေး – အရင်ကလည်း အလားတူ နိုင်ငံတကာငွေကြေးစျေးကွက်ကို အကြောင်းပြပြီး လိမ်လည်တဲ့ဖြစ်စဥ်တွေရှိတယ်ဆိုတာ သိထားပါသလား။

ဖြေ – အရင်ကတော့ ကိုယ်တွေနဲ့လည်း ဆက်စပ်မှုမရှိတော့ မကြားဖူးဘူး။ ကိုယ်ကလည်း စျေးရောင်းစားတဲ့သူလေ။ စျေးနဲ့အိမ်ပဲ သွားလိုက်ရောင်းလိုက်တာ။ အဲလို နည်းနည်းပါးပါးတော့ကြားဖူးတယ်။ အခု ညီမတွေကတော့ အရင်ကလိုလိမ်တဲ့လိုင်းမဟုတ်ဘူးဆိုပြီး ပြောကြတာပေါ့။ သူတို့ ခေါင်ဆောင်တွေက ကားတွေဘာတွေဝယ် ဘာတွေဝယ်လေ။ ဓာတ်ပုံတွေလည်း လိုင်း‌ပေါ်တင်တာတွေမြင်ရတယ်လေ။ ပြီးတော့ ခရီးတွေသွားကြ ပိုက်ဆံတွေအများကြီး ရကြတယ်။ အရမ်းအဆင်ပြေကြတယ်ဆိုပြီးပဲမြင်ရတာ။ ကိုယ်တွေလည်း ယုံကြည်တာပေါ့။

မေး – နောက်ဆုံးအနေနဲ့ အခုလို‌တွေကြားရပြီးနောက်ပိုင်းမှာ ဘယ်လိုဖြစ်ချင်တဲ့ ဆန္ဒရှိလဲ။ ကိုယ့်ထည့်ထားတဲ့ငွေတွေကို ပြန်ရချင်လား။

ဖြေ – အခုကတော့ အတိုးတွေဘာတွေမလိုချင်တော့ဘူး။ ကိုယ်ထည့်ထားတဲ့အရင်းလေး ပြန်ရရင်ကို အတိုင်းထက်အလွန်ပဲပေါ့။ ဒါကလည်း ကုသိုလ်ကံပဲပေါ့။ အဲလိုဖြစ်သွားပြီ။ ဖြစ်မယ်မှန်းလည်းမသိဘူးလေ။ ကိုယ့်ကိုတိုက်တွန်းတဲ့သူတွေကလည်း မောင်မှမသားချင်းတွေပဲ သူတို့လည်း ‌စေတနာနဲ့ပေါ့။ ဘာတတ်နိုင်မှာလည်း ဖမ်းထားရင်လည်း မြန်မြန်ပြန်လွတ်ပါစေပေါ့။ ကိုယ့်ပိုက်ဆံလည်း မြန်မြန်ပြန်ရပါစေပေါ့။

◉ နိုင်ငံတကာငွေကြေးအရောင်းအဝယ်အကြောင်းနားလည်တဲ့ ထားဝယ်ဒေသခံ

‌မေး – ဒေါက်တာညီညီဆွေရဲ့ Forex Treading လုပ်ငန်းဆိုတာဟာ ဘယ်လိုလုပ်ငန်းဖြစ်တယ်လို့ ပြောနိုင်မလဲ။

ဖြေ – ကိုယ်တွေမြင်တာက Forex Trading ပေါ့။ ဒါက Foreign Exchange Trading ပေါ့နော်။ နိုင်ငံခြားငွေကြေးကို အရောင်းအဝယ်လုပ်တာပါ။ အဲတော့ ကိုယ်ရဲ့ကျွမ်းကျင်မှုအရ ရွှေကျွမ်းကျင်သူက ရွှေစျေးအရောင်းအဝယ်အတက်အကျကို ကစားတာပေါ့။ မြန်မာအခေါ်ဆို ကစားတာပေါ့။ စျေးအတက်အကျကိုမှန်းပြီး ကစားတာပါ့။ အဲဒါကို‌ခေါ်တာ‌‌ပေါ့။ ဒါက သူ့ဟာနဲ့သူ အမှန်အကန်ဖြစ်တာပေါ့။ ဒေါက်တာ ညီညီဆွေ လုပ်တာက ၁၅ ရာခိုင်နှုန်းကို လစဥ်ပေးမယ်လို့ ပြောတာပေါ့။ အဲတော့ ၁၀၀ ထည့်ထားတဲ့သူက ခြောက်လ ခုနစ်လဆိုအရင်းကြေပြီ‌ပေါ့။ သဘောတရားအားဖြင့်ကတော့ ခြောက်လဆက်တိုက်မရှုံးအောင် Trade တယ်ပေါ့။ ဒီလုပ်ငန်း‌တွေကို ကိုယ်တွေသိတာက ၂၀၂၄ နှစ်စလောက်ကတည်းက သိတယ်။ ဆိုတော့ သဘောတရားအားဖြင့် Trading တို့မည်သည် ဆက်တိုက်မြတ်တယ်ဆိုတာ မရှိဘူး။ ဆက်တိုက်မြတ်တယ်ဆိုရင်လည်း တစ်လ ၁၅ ရာခိုင်နှုန်းမြတ်အောင် Trade တယ်ဆိုတာလည်း မြန်မာမှာမပြောနဲ့ ကမ္ဘာမှာလည်းမရှိဘူး။ အဲတော့ ဒါ Trading က ရတဲ့ ပိုက်ဆံမဟုတ်ဘူး။ ဒါဟာ အများကြီးရထားတဲ့ပိုက်ဆံကို နည်းနည်းပြန်ပေးတာပဲပေါ့။

မေး – အကိုတို့အနေနဲ့ ဘာကြောင့် အစကတည်းက လိမ်လည်တဲ့လုပ်ငန်းလို့ကြိုသိပြီး ယတိပြတ်ပြောနိုင်တာလဲ။

ဖြေ – ဒါကတော့ ရှေ့မှာလည်း အဲလိုပဲလုပ်လာတာကိုး။ မြန်မာပြည်မှာက အဲလိုတွေက အများကြီးပဲ။ လိမ်တဲ့သူတွေက ရှေ့ကခေါင်းစဥ်တပ်တာသာ လွဲရင်လွဲမယ်။ အခုညီညီဆွေဆိုရင် Forex Trading ဆိုပြီးခေါင်းစဥ်တပ်တယ်။ သူ့ရှေ့မှာ OmegaPro ဆိုပြီးရှိတယ်။ OmegaPro ဆိုရင်လည်း ကမ္ဘာအဆင့် ရင်းနှီးမြှုပ်နှံမှုပေါ့ သူတို့ဆီမှာလာရောက်ထည့်ဝင်ပါပေါ့။ အဲဒီတုန်းကလည်း မြန်မာတစ်နိုင်ငံလုံးပါကြတာပဲ။ အဲဒီရဲ့အရှေ့မှာလည်း ရှိဖူးတာပဲ။ ‌လောလောလတ်လတ်ဆိုရင် JUDE JUDE ဆိုတာပေါ့။ အဲတော့ ပြောချင်တာက ဘာလို့ ယတိပြတ်လိမ်တယ်လို့ ပြောနိုင်လဲဆိုရင် ခေါင်းစဥ်သာပြောင်းသွားတယ်။ အမြတ်ငွေဘယ်လောက်ပေးမယ်ဆိုတာက အတူတူပဲ။ ရှေ့ကပြောတယ် သူတို့‌ခေါ်တဲ့ လီဒါတွေက နောက်လူတွေပိုက်ဆံထည့်ဖို့ ဆွယ်တယ်။ အဲဒီပုံစံပဲ။

မေး – တကယ် Forex Trading လုပ်ငန်းလုပ်နေတဲ့သူတွေက အမြတ်ငွေကိုဘယ်လိုရကြလဲ။ အဲဒီလုပ်ငန်းတွေမှာရော အခုလိုရှယ်ယာထည့်ပြီး ရင်းနှီးမြှုပ်နှံတာတွေရှိလား။

ဖြေ – တကယ်လုပ်‌နေတဲ့သူတွေက ရှယ်ယာခေါ်ဖို့မအားဘူး။ ရှယ်ယာခေါ်တာက နင်ငါ့ကို ပိုက်ဆံပေး ငါနင့်အတွက်လုပ်ပေးမယ်ဆိုတဲ့ သဘောဖြစ်တာပေါ့။ တကယ်တမ်းက ကိုယ့်ဟာကိုယ်တောင် မနည်းရှာနေရတော့ သူများအတွက်ပါ ရှာပေးလို့မနိုင်ကြဘူး။ ပုံမှန်အားဖြင့်က အခုလို လူစုလူဝေးနဲ့စည်းရုံးတာတွေ လူအင်အားနဲ့‌ခေါ်တာတွေမလုပ်ဘူး။ သူတို့ဟာသူတို့ အခန်းထဲမှာ ကွန်ပျူတာရှေ့မှာထိုင်ပြီး စျေးကွက်ကြည်ပြီးလုပ်နေကြတာ။ လူခေါ်တာမရှိဘူးလားဆိုတော့ ရှိတယ်။ သီးသန့်တော့လိုက်မခေါ်ဘူး။

အမှန်အကန်ခေါ်ရင် တချို့လတွေမှာ ရှုံးမယ်။ တချို့လတွေမှာမြတ်မယ်၊ တချို့လတွေရှုံးမယ်။ ပြီးတော့ Treader ကတော့ သူ့ရဲ့ကျွမ်းကျင်မှုအရတော့ မြတ်အောင်လုပ်ပေးမယ်ဆိုတာမျိုးပဲပြောလို့ရတာ။ ပြီးတော့ စာချုပ်စာတမ်းတွေနဲ့ လုပ်ကြတာ။ နှတ်ကတိနဲ့ လက်လွတ်စပယ်လည်းမလုပ်ကြဘူး။

မေး – ဒေါက်တာညီညီဆွေက ဘာကြောင့် Forex Treading ကိုအကြောင်းပြပြီး အမြတ်ငွေ ၁၅ ရာခိုင်နှုန်းကို အစောပိုင်းတွေအတွက် တကယ်ပေးနေတာလဲ။

ဖြေ – တစ်ရာထည့်မှ ငါးဆယ်တော့ ပြန်ပေးနိုင်တာပေါ့။ ကိုယ်ကို တစ်ရာထည့်ထားရင် ၁၅ ရာခိုင်နှုန်းနဲ့ တစ်ဝက်လောက်ကတော့ ပြန်ပေးထားတာပေါ့။ သဘောတရားကတော့ ထားပါတော့ဗျာ။ ပထမဆုံးသားကောင်ပေါ့။ သူကလီဒါပေါ့။ သူကကျတော့ လူရှာပေးနိုင်ရင် ကော်မရှင်ပေးတယ်။ အဲတော့ အဲဒီလီဒါက လူဆယ်‌‌ယောက်ရှာပေးထားရင် အဲဒီပထမ သားကောင်ကို လတိုင်းပြန်ပေးနိုင်တာပေါ့။ အဲလိုနဲ့ တဆင့်ပြီးတစ်ဆင့် လူအသစ်တွေထပ်ရှာပြီး ရတဲ့ငွေတွေထဲက တချို့ကို ပြန်ပေးနေတာပေါ့။

မေး – အခုလို အတိုး ၁၅ ရာခိုင်နှုန်းပေးမယ်လို့ မက်လုံးပေးတဲ့လုပ်ငန်းအပြင် နိုင်ငံတကာငွေကြေးစျေးကွက်ကိုအကြောင်းပြပြီ တခြားဘယ်လိုပုံစံလိမ်လည်တာတွေ ထပ်ရှိနိုင်သေးလဲ။ မြန်မာနိုင်ငံမှာရော နောက်ထပ်ဘယ်လို ပုံစံတွေတွေ့ရလဲ။

ဖြေ – လိမ်တာက ‌ခေါင်းစဥ်က အမျိုးစုံဖြစ်နိုင်တယ်။ ဥပမာ Bitcoin ပေါ့နော်။ ရှမ်းပြည်နယ်ဖက်မှာဆိုရင် လူတွေက Bitcoin လို့ပြောရင် လိမ်တယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ လိမ်တဲ့ ကုမ္ပဏီတွေက Bitcoin တူးမယ် ပိုက်ဆံထည့်ကြပါ၊ ဘယ်လောက်ရမယ်ဆိုပြီးလုပ်တယ်။ ပြီးတော့ အခုဒေါက်တာညီညီဆွေလုပ်သလိုပဲ လူရှာတယ် ပိုက်ဆံထည့်ခိုင်းတယ်။ တစ်လကို ဆယ်ရာခိုင်နှုန်းပြန်ပေးမယ်ပေါ့။ ပြီးတော့ဘာဖြစ်လဲ ပြေးကုန်တယ်။ အဲတော့ ခံရတဲ့သူတွေကျတော့ ဘယ်လိုနားလည်သလဲဆိုရင် Bitcoin လို့ကြားရင် ဒါလိမ်တာပဲလို့နားလည်တယ်။ တကယ်တမ်း လိမ်တဲ့သူတွေက Bitcoin လည်းမတူးဘူး ဘာမှမလုပ်ဘူး။ နာမည်တစ်ခုယူပြီးလိမ်တာပဲ။ ပြီးတော့ ပြေးသွားတာပဲ။ အဲတော့ ပုံစံကတော့ မျိုးစုံရှိနိုင်တာပေါ့။

မေး – အရင်ကလည်း အခုလိုအလားတူလိမ်လည်ထွက်ပြေးသွားတာတွေရှိခဲ့ပေမဲ့ နှစ်နည်းနည်းကြာပြီးရင် လူတွေကြားမှာပြန်ပေါ်လာတယ်‌ပေါ့နော်။ မသိတဲ့သူတွေကလည်း ပြန်လည်ထည့်ဝင်ကြတယ်။ ဆိုတော့ ဒီလိုမျိုး နောက်ထပ်မရှိလာအောာင် ဘယ်လိုနည်းနဲ့ ဖြေရှင်းလို့ရနိုင်လဲ။

ဖြေ – တစ်ခုခုဆိုရင် သူများပြောတိုင်းမယုံနဲ့ပေါ့နော်။ ကျနော်နားလည်တာက ကျနော်တို့ မြန်မာနိုင်ငံကလူအများစုရဲ့ ပြဿနာကဘာလဲဆိုရင် ရွေးချယ်စရာသိပ်မရှိဘူး။ နှစ်ခုပဲရှိတယ် မြေနဲ့ ရွေပဲ။ ဒါပေမဲ့ နိုင်ငံခြားကလူတွေကတော့ တခြားရွေးချယ်စရာတွေရှိတယ်။ ဥပမာ စတော့ဝယ်မလား၊ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံမလား အမျိုးမျိုးလက်လှမ်းမှီကြတယ်။ အဲတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး နားလည်ကြတယ်။ ဒီမှာက သိပ်ပြီးနားမလည်ကြဘူး။ နားမလည်တာကလည်း ကျနော်တို့ရဲ နိုင်ငံရေးအခြေအနေနဲ့ ဆိုင်တာပေါ့။ နိုင်ငံရေးအခြေအနေအရ ကျနော်တို့ ဖွံ့ဖြိုးမှုနောက်ကျတယ်ပေါ့။ အခုကတော့ အေအိုင်တွေမြန်မာလိုနဲ့ မေးလို့ရနေပြီ။ ဆိုတော့ အဲလိုတွေရှိလာရင် အေအိုင်ကိုမေးကြည့်ပေါ့။ အဲဒါတွေကိုလက်လှမ်းမမှီရင်လည် ဖေ့ဘုတ်ကတော့ လူတိုင်းနီးသုံးကြတယ်။ ဖေ့ဘုတ်သုံးတတ်ရင်ကို ရှာကြည့်ရင် ရှိတယ်။ သတိပေးထားတာတွေအများကြီးပဲ။ အဲတော့ အင်တာနက်သုံးရင် မင်းသား၊ မင်းသမီးကိစ္စတွေ အဲလိုအ‌ရေးမပါတာတွေကို လျှော့ကြဖို့ပေါ့နော်။ အဲလောက်ပဲပြောလို့ ရမှာ‌ပေါ့။

မေး – ငွေထည့်ဝင်မိထားပြီး သူတို့ရဲ့ငွေပြန်ရဖို့ မျှော်လင့်နေတဲ့သူတွေကို ဘာများအကြံပေးချင်ပါလဲ၊ သူတို့အနေနဲ့ ဘယ်ဆက်လုပ်လို့ရနိုင်သေးလဲ။

ဖြေ – ဘာမှလုပ်လို့မရတော့ဘူးပေါ့။ ဘာလို့လဲဆိုတော့ အကုန်လုံးက စာချုပ်စာတမ်းဘာမှမပါဘူး။ ဒီအတိုင်းလုပ်ထားကြတာ။ လီဒါဆိုတဲ့လူတွေကို ပါးစပ်နဲ့ယုံကြည်ပြီး ထည့်ကြတာကိုး။ အရင်းပြန်ရရင်ကျေနပ်ပြီဆိုတဲ့သူတွေလည်း မမျှော်လင့်တော့တာပိုကောင်းတယ်။ တချို့ဟာတွေက မျှော်လင့်ချက်ထားနေတာထက် စိတ်ပိုင်းဖြတ်လိုက်ဖို့ပြောချင်တာပါ။ မရမယ့်ကိန်းကများသွားပြီကိုး။ ဒါပေမဲ့ လုပ်လို့ရတာကတော့ ကိုယ့်ကိုလာဆွယ်တဲ့ လီဒါဆိုတဲ့လူတွေကိုသိလားပေါ့။ ဘယ်မှာနေလဲ ဘယ်ကလူလဲ‌‌ပေါ့။ သူ့ကို အမှုဖွင့်ပေါ့ဗျာ။ ကျနော်နားလည်သလောက်အဲဒီကိစ္စက ရဲအဆင့်မဟုတ်ဘဲ တိုင်းအဆင့်ကိုတိုင်လို့ရတယ်လို့ ကြားတယ်။ အနည်းဆုံးတော့ ကိုယ့်ပိုက်ဆံပြန်မရပေမဲ့ ကိုယ့်ကိုအဲလိုလုပ်တဲ့သူတွေကို ထောင်ထဲထည့်လို့ရတာပေါ့။

The Tanintharyi Times