မောင်တောက စစ်ကောင်စီစခန်း လေးခုကို AA က ထပ်မံသိမ်းပိုက်

မောင်တောက စစ်ကောင်စီစခန်း လေးခုကို AA က ထပ်မံသိမ်းပိုက်

မောရဝတီဗျူဟာမှူး နဲ့ တပ်သား ၂၀၀ ကျော်ကိုရှင်းလင်းနိုင်ခဲ့တယ်လို့ ဆို

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်အတွင်းက စစ်ကောင်စီစခန်း ၄ ခုကို ထပ်မံသိမ်းပိုက်ရရှိထားပြီး အဆိုပါ စခန်းသိမ်းတိုက်ပွဲတွေမှာ မောရဝတီဗျူဟာမှူးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရှင်းလင်းခဲ့တယ်လို့ အာရက္ခတပ်တော် AA ဘက်က ပြောဆိုထားပါတယ်။

မောင်တောမြို့နယ်မှာ အခုဇွန်လ ဒုတိယပတ်အတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို ရှင်းလင်းခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့အတွင်း AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကောင်စီစခန်း ၄ ခုဟာ မောရဝတီဗျူဟာ အပါအဝင် နခခ (၄) တပ်ရင်း ဌာနချုပ်၊ အလယ်သံကျော်စခန်း၊ နခေါင်းတိုစခန်းတို့ ဖြစ်ပါတယ်။

ဇွန်လအစပိုင်းမှာတော့ မောင်တောမြို့ရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ (၆) စခန်း၊ နခခ (၉) စခန်း စတဲ့ စစ်ကောင်စီ စခန်း ၆ ခုကို AA က သိမ်းပိုက်ထားတာကြောင့် လက်ရှိ မောင်တောက စစ်ကောင်စီစခန်း ၁၀ ခုကို AA က ရရှိထားတာ ဖြစ်ပါတယ်။

မောင်တော၊ အမ်း၊ သံတွဲမြို့တွေက လက်ကျန်စစ်ကောင်စီစခန်းတွေကို AA ဘက်က ဆက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား ဖြစ်ပွားခဲ့တဲ့ အခုတပတ်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း၊ စစ်လက်နက်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတဲ့အပြင် စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ AA ဘက်က ပြောပါတယ်။

လက်နက်ချအညံ့မခံတဲ့ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA က လိုက်လံရှာဖွေ ရှင်းလင်းနေတယ်လို့လည်း မနေ့က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဇွန်လ ၁၃ ရက်နေ့မှာတော့ တောင်ကုတ်မြို့နဲ့ ၈ မိုင်ဝေးတဲ့ တောင်ကုတ်-အမ်း ကားလမ်းမပေါ် ရွှေကွမ်းစမ်း တံတားကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် AA ဟာ ချင်းပြည်နယ် ပလက်ဝဒေသနဲ့ ရခိုင်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့နယ်တွေအပြင် ရခိုင်တောင်ပိုင်း ရမ်းဗြဲမြို့နယ်ကိုလည်း သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။

The Tanintharyi Times