လောင်းလုံးမှာ ရဲစခန်းအနီးနေအိမ်အပါအဝင် တစ်ရက်တည်းအိမ်နှစ်ဆောင်ဓားပြတိုက်ခံရပြန်ပြီ
လောင်းလုံးမှာ ရဲစခန်းအနီးနေအိမ်အပါအဝင် တစ်ရက်တည်းအိမ်နှစ်ဆောင်ဓားပြတိုက်ခံရပြန်ပြီ
လောင်းလုံးမြို့မရဲစခန်းအနီးက နေအိမ်တစ်ဆောင်နဲ့မြို့အဝင်ဆိုင်းဘုတ်အနီး နေအိမ်တစ်ဆောင်ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မနေ့က မွန်းလွဲပိုင်းမှာ မြို့အဝင်ဆိုင်းဘုတ်အနီးမှာရှိတဲ့နေအိမ်တိုက်ခံရတာဖြစ်ပြီး ညပိုင်းမှာ ရဲစခန်းအနီးနေအိမ်တိုက်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
အဲဒီနေအိမ်နှစ်အိမ်အပြင် နောက်ထပ်တစ်အိမ်လည်း ဓားမြတိုက်ခံရတယ်လို့ သတင်းထွက်ပေါ်နေတာလည်းရှိပါတယ်။
ဓားမြတိုက်ခံရတဲ့နေအိမ်တွေမှာ ရွှေ၊ ငွေ ရတနာတွေပါသွားတယ်လို့ သိရပေမယ့် ဓားပြတွေကသတင်းပေါက်ကြားရင်ပြန်လာသတ်မယ်လို့ခြိမ်းခြောက်ခဲ့လို့ ကာယကံရှင်တွေကတော့ ကြောက်လို့ထုတ်မပြောကြဘူးလို့ဒေသခံတွေကဆိုပါတယ်။
“ရဲစခန်းအနီးအနားမှာ ဓားပြဝင်တိုက်တာဆိုတော့ သူတို့ပဲဖြစ်မှာပေါ့။ ဒီလိုနေရာမျိုးမှာ ဘယ်သူကဝင်တိုက်ရဲမှာလဲ”ဟု လောင်းလုံးမြို့ခံတစ်ဦးကပြောပါတယ်။
လောင်းလုံးမြို့နယ် နဲ့ ထားဝယ်မြို့မှာ ဓားပြတိုက်မှုတွေခပ်စိပ်စိပ်ရှိလာနေပြီး ဓားပြတွေက အသက်အန္တရာယ်ခြိမ်းခြောက်ခဲ့တာတွေကြောင့် ကာယကံရှင်တွေက ထုတ်ဖော်မပြောကြဘူးလို့ ဒေသခံတွေကဆိုပါတယ်။
ဓားပြတိုက်မှုတွေကို စစ်ကောင်စီရဲ့လက်ဝေခံ ပျူစောထီးဆိုသူတွေကလုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။
The Tanintharyi Times
