ရှော့တိုက်ဒုံးပစ်ခတ်ခံရမှု DSA က ဗိုလ်လောင်းတစ်ယောက်ထိတယ်လို့ စစ်ကောင်စီပြော

ရှော့တိုက်ဒုံးပစ်ခတ်ခံရမှု DSA က ဗိုလ်လောင်းတစ်ယောက်ထိတယ်လို့ စစ်ကောင်စီပြော

ပြင်ဦးလွင်မြို့မှာ မနေ့ညက ဖြစ်ခဲ့တဲ့ ရှေ့တိုက်ဒုံးပစ်ခတ်ခံရမှုမှာ စစ်တက္ကသိုလ် DSA က ဗိုလ်လောင်းတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“စစ်တက္ကသိုလ်မှာတော့ အရာရှိဆုံးတာမရှိပါဘူး။ ဗိုလ်လောင်းတစ်ဦး ထိခိုက်ဒဏ်ရာရတာတော့ ရှိပါတယ်။” လို့ စစ်ကောင်စီ ပြောခွင့်ရက‌ ဘီဘီစီကို ပြောထားပါတယ်။

မနေ့ညက ပစ်ခတ်မှုမှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံး ပြင်ဦးလွင်မြို့ထဲ ကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူ့ဆေးရုံရှိ အရိုးကုသဆောင်၊ အောင်မြေဇေယျာဘုန်းကြီးကျောင်း၊ Luxury Hotel ၊ ရပ်ကွက်ကြီး (၅)၊ ဗလမင်းထင် ရပ်ကွက်နဲ့ စံပါယ်ရပ်ကွက်တွေ အတွင်းကို ကျရောက်ပေါက်ကွဲခဲ့လို့ သံဃာ နှစ်ပါး အပါအဝင် လေးဦး သေဆုံးကာ ကလေးငယ်အပါဝင် ၁၂ ဦး ဒဏ်ရာရတယ်လို့ စစ်ကောင်စီ မီဒီယာက ဒီကနေ့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်မှာ DSA တက်နေတဲ့ ဗိုလ်လောင်းတစ်ဦးထိခိုက်တဲ့အကြောင်း ထည့်သွင်းမပြောထားဘဲ ဘီဘီစီမေးမြန်းတဲ့အခါမှာတော့ သင်တန်းသား တစ်ဦးဒဏ်ရာရကြောင်း ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ရဲမှတ်တမ်းအရ ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေမှာတော့ စစ်တက္ကသိုလ် DSA ဝင်းထဲကို ရှော့တိုက်ဒုံး နှစ်လုံးထက်မနည်း ကျရောက် ပေါက်ကွဲခဲ့ရာ အရာရှိ နှစ်ဦး အပါအဝင် အရာရှိ၊ ဗိုလ်လောင်းနဲ့ စစ်သည် ၁၉ ဦးဒဏ်ရာရရှိတယ်လို့ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အရာရှိတွေ ထိခိုက်တာမရှိကြောင်း ဘီဘီစီကို ငြင်းဆိုထားပါတယ်။

စစ်ကောင်စီဘက်က သတင်းတိတိကျကျထုတ်ပြန်တာ မရှိလို့ ထိခိုက်မှုကို မသိရပေမဲ့ မြို့ခံတချို့ကတော့ DSA က သင်တန်းသားအဆောင်နဲ့ လိုင်းခန်းတွေဘက်ကို ကျရောက်ခဲ့တဲ့ ရှော့တိုက်ဒုံးတွေ ရှိတယ်လို့လည်း ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်သူတွေက တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်လာတာ မရှိသေးပေမဲ့

အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့မီဒီယာ PVTV ကတော့ MDY PDF က ၁၀၇ ရှော့တိုက်ဒုံး အလုံး ၂၀ နဲ့ အကြမ်းဖက်စစ် ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေတဲ့ ပြင်ဦးလွင်မြို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၇ လုံး ထိရောက်ပေါက်ကွဲခဲ့တယ်လို့ သတင်းဖော်ပြထားပါတယ်။

The Tanintharyi Times