ပလတိုက်ပွဲမှာ ဒဏ်ရာရတပ်ဖွဲ့ဝင်တွေကိုပို့ဆောင်တဲ့ စစ်ကောင်စီတပ်သားတွေဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခံရ
ပလတိုက်ပွဲမှာ ဒဏ်ရာရတပ်ဖွဲ့ဝင်တွေကိုပို့ဆောင်တဲ့ စစ်ကောင်စီတပ်သားတွေဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခံရ

သင်္ကြန်အကျနေ့မှာ ပလမြို့အတွင်း နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့သလို ဒရုန်းတိုက်ခိုက်မှုလည်းလုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
မနေ့က မနက် ၇ နာရီဝန်းကျင်မှာ ပလမြို့အဝင် ဆိုင်းဘုတ်အနီးရောက်လာတဲ့ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု တစ်နာရီနီးပါး ဖြစ်ခဲ့တယ်လို့ ဒေသတွင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွါးပြီးနောက် နေ့လယ်ပိုင်းမှာတော့ ထိခိုက်၊ ဒဏ်ရာရထားတဲ့ စစ်ကောင်စီတပ်သားတွေကို မြိတ်မြို့သို့ ရေကြောင်းကနေ ပို့ဆောင်ဖို့ ပလမြို့ အမှတ်(၄)ရပ်ကွက်မှာရှိတဲ့ ရေနက်ဆိပ်ကမ်းလှေဆိပ်မှာ ပြင်ဆင်နေချိန် ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခံခဲ့ရပြန်ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း(၁) ဒရုန်းတပ်ဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒရုန်းနဲ့ ဗုံးသီးသုံးလုံး ကြဲချခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရသိရပါတယ်။ တပ်ဖွဲ့ရဲ့ဒရုန်းတိုက်ခိုက်မှု ရုပ်သံအတိုကိုလည်း တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ပစ်ခတ်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်၊ ဒဏ်ရာသူတွေ ရှိခဲ့သလို သူတို့ရဲ့ လက်နက်ကြီးနဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် မြိတ်ခရိုင်တပ်ရင်း(၁)တပ်ဖွဲ့ဝင်တစ်ဦးလည်း ကျည်စထိမှန်ဒဏ်ရာရခဲ့တယ်လို့ တပ်ဖွဲ့က စာထုတ်ပြန်ထားပါတယ်။
တနင်္သာရီတိုင်းအတွင်းက စစ်ကောင်စီတပ်သားတွေဟာ သင်္ကြန်အကြိုနေ့နဲ့အကျနေ့ နှစ်ရက်စလုံးမှာ ရေလမ်းကနေ လက်နက်ကြီးကျည်သယ်ယူတာတွေကိုရက်ဆက်လုပ်ဆောင်ခဲ့တာ ရှိတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲလိုသယ်ဆောင်ရာမှာ တပိုင်တနိုင်ငါးဖမ်းလှေငယ်တွေကို ချောဆွဲကာလက်နက်ကြီးကျည်သယ်ယူခဲ့တယ်လို့ ပိတပ်ရွာက လှေရှင်တစ်ဦးရဲ့ မိတ်ဆွေက ပြောပါတယ်။
အခုလ ၁၁ ရက်နေ့ကလည်း ပလမြို့ရဲစခန်းကို မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း ဒရုန်းအဖွဲ့က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တာ ရှိပါတယ်။
ပလ၊ ပုလောက်နဲ့ ပုလောမြို့အတွင်း တိုက်ပွဲတွေပိုဖြစ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့စစ်ရေးသတင်းကို အမြဲနားစွင့် နေထိုင်ကြဖို့နဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ထုတ်ပြန်ချက်တွေကိုလေးစားလိုက်နာပေးကြဖို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက မေတ္တာရပ်ခံထားပါတယ်။
ရုပ်သံ – အခုလ ၁၄ ရက်၊ သင်္ကြန်အကျနေ့က စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်း။ (ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း)
The Tanintharyi Times