စစ်တက္ကသိုလ်တွေရှိတဲ့ ပြင်ဦးလွင်မှာ ရှော့တိုက်ဒုံးနဲ့ တစ်နာရီကျော် ပစ်ခတ်တိုက်ခိုက်
စစ်တက္ကသိုလ်တွေရှိတဲ့ ပြင်ဦးလွင်မှာ ရှော့တိုက်ဒုံးနဲ့ တစ်နာရီကျော် ပစ်ခတ်တိုက်ခိုက်
စစ်ကောင်စီရဲ့ စစ်တက္ကသိုလ်(DSA)နဲ့ တပ်မတော်နည်းပညာတက္ကသိုလ်(DSTA) တို့တည်ရှိတဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်(မေမြို့) မှာ ရှော့တိုက်ဒုံးနဲ့ တစ်နာရီကျော်ကြာအောင် ပစ်ခတ်တိုက်ခိုက်မှုတွေ မနေ့ညက ဖြစ်ပွါးခဲ့ပါတယ်။
ရှော့တိုက်ဒုံး ပစ်ခတ်မှုဟာ သင်္ကြန်အကျနေ့ဖြစ်တဲ့ မနေ့က ည ၉ နာရီကျော်ကနေ ၁၁ နာရီကျော်အထိ တစ်နာရီကျော်ကြာရှိခဲ့ပြီး ပေါက်ကွဲသံတွေ အချက်သုံးဆယ်လောက် ကြားခဲ့ရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
“ပေါက်ကွဲသံကြီးတွေက ဆက်တိုက်ပဲ။ အလုံးအများကြီးဆက်တိုက်ကျတာ။ ၂၀၁၉ တုန်းကထက် ပိုကြမ်းတယ်” လို့ စိုက်ပျိုးရေးလုပ်ငန်းရှင် မြို့ခံတစ်ဦးက ပြောပါတယ်။ ၎င်းပြောတဲ့ ၂၀၁၉ ခုနှစ် ပစ်ခတ်မှုမှာ DSTAကို ညီနှောင်မဟာမိတ်သုံးဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
မနေ့ညက တိုက်ခိုက်မှုမှာ DSA နဲ့ DSTA ကို ဦးတည်ပြီး တော်လှန်ရေးတပ်ဖွဲ့ PDF တွေက တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ မြို့ခံတွေကယူဆပါတယ်။ စစ်ကောင်စီကိုထောက်ခံသူတွေကတော့ ဒီတိုက်ခိုက်မှုက TNLA နဲ့ PDF တို့လုပ်ဆောင်ခဲ့တာလို့ ဆိုရှယ်မီဒီယာအကောင့်တွေမှာ စွပ်စွဲရေးသားထားပါတယ်။
ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှုမှာ အောင်မြေဇေယျာဘုန်းကြီးကျောင်းဝန်းနား ကျရောက်ပေါက်ကွဲခဲ့လို့ ဘုန်းကြီးနှစ်ပါးနဲ့ အရပ်သားတစ်ဦး သေဆုံးပြီး ဒဏ်ရာရသူတွေ ရှိသလို ပြည်သူ့ဆေးရုံ အရိုးကုသဆောင်ကို ထိမှန်ခဲ့တဲ့အတွက်လည်း ထိခိုက်ခဲ့တဲ့ လူနာတွေ ရှိတယ်လို့ VOM သတင်းဌာနက ရေးသားပါတယ်။
မြို့ခံတချို့ပြောပြချက်အရ ဟိုတယ်တစ်ခုရဲ့ ခြံစည်းရိုးထိမှန်တာ၊ မြို့ရှောင်လမ်းဘက် ကျတာတွေ ရှိသလို ရှော့တိုက်ဒုံးတချို့ စစ်တက္ကသိုလ်က သင်တန်းသားဆောင်နဲ့ အိမ်ထောင်သည်လိုင်းခန်းတွေကြားထဲ ကျရောက်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။ စစ်တက္ကသိုလ်တွေ ထိခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။
ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ မိသားစုတွေလည်း ပစ်ခတ်တိုက်ခိုက်ချိန်မတ်ိုင်ခင်ကတည်းက ပြင်ဦးလွင်မြို့မှာ ရှိနေခဲ့တယ်လို့ သတင်းဌာနတွေက ရေးသားထားကြပါတယ်။
ပြီးခဲ့တဲ့ ၈ ရက်ကလည်း DSAကို ဦးတည်ပြီး ၁၀၇မမ ရှော့တိုက်ဒုံး ခုနှစ်လုံးနဲ့ မန္တလေးတိုင်း ပကဖက ဦးဆောင်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထုတ်ပြန်ထားပါတယ်။ အဆိုပါပစ်ခတ်မှုမှာ DSAကို ထိခိုက်ခဲ့တာမရှိဘူးလို့ စစ်ကောင်စီဘက်က တုန့်ပြန်ထားပါတယ်။
ပုံစာ – ၂၀၁၉ ခုနှစ်က DSTA ကို ပစ်ဖို့ ပြင်ဆင်ထားတဲ့ ရှေ့တိုက်ဒုံးတွေကို တောင်ကုန်းတစ်ခုပေါ်မှာ တွေ့ရစဉ်
The Tanintharyi Times
