ခမရ (၅၆၁) က တပ်မိသားစုဝင်တစ်ဦး တပ်ကထောင်တဲ့ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရ
ခမရ (၅၆၁) က တပ်မိသားစုဝင်တစ်ဦး တပ်ကထောင်တဲ့ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရ
စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် ခမရ (၅၆၁) တပ်ရင်းက တပ်မိသားစုဝင်တစ်ဦး တပ်က ထောင်ထားတဲ့ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အခုလ ၁၄ ရက်နေ့ နေ့လည် ၁၁ နာရီခွဲဝန်းကျင်က တပ်ရင်းအနီးတစ်ဝိုက်မှာရှိတဲ့ သီဟိုဠ်ခြံထဲ သီဟိုဠ်စေ့ ဝင်ကောက်ချိန် အခုလို မိုင်းနင်းမိခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရခဲ့တဲ့သူဟာ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ သိရပြီး စစ်ကောင်စီတပ်က ဘယ်သူ့မိသားစုဝင်ဆိုတာမျိုးတော့ အသေးစိတ် မသိရသေးပါဘူး။
ခမရ (၅၆၁) တပ်ရင်းဘေးမှာ ဘောလုံးကွင်းရှိပြီး ကွင်းပတ်ပတ်လည်မှာလည်း သီဟိုဠ်ခြံ တွေရှိကာ အဆိုပါခြံထဲ သီဟိုဠ်စေ့ဝင်ကောက်ချိန် မိုင်းထိသွားတာလို့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြပါတယ်။
“ကျွန်တော်တို့ထောင်ထားတဲ့ မိုင်းမဟုတ်ဘူး။ တပ်နဲ့ ဒီလောက်နီးတဲ့နေရာမှာ ကျွန်တော်တို့ သွားမထောင်ဘူး။” လို့ ၎င်းက ပြောပါတယ်။ မိုင်းထိတဲ့ အဲဒီအမျိုးသမီးဟာ မြိတ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
The Tanintharyi Times
