ဟိန္ဒားရွာမှာ အမျိုးသားတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းသွား
ဟိန္ဒားရွာမှာ အမျိုးသားတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းသွား
နာမည်ကျော်သတ္တုတွင်းတည်ရှိတဲ့ ထားဝယ်မြို့နယ်၊ ဟိန္ဒားရွာမှာ ပျူစောထီးဆိုသူ အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖမ်းခေါ်သွားခံရသူဟာ အသက် ၄၀ ကျော် အရွယ် ဦးထွန်းနိုင်ဆိုသူဖြစ်ပြီး မနေ့က မနက်ပိုင်းမှာ ဥယျာဥ်ခြံတွေထဲကိုတောခုတ်သွားတဲ့အချိန် လက်နက်ကိုင် လေးဦးလောက်က ဖမ်းဆီးသွားတာလို့ ရွာခံတွေကဆိုပါတယ်။
“သူသွားတဲ့နေရာမှာ ဆိုင်ကယ်နဲ့ မြက်ရိတ်စက်ပဲကျန်ခဲ့တယ်။ ကွမ်းသီးလုပ်နေတဲ့သူတွေလည်း လာခေါ်သွားတာကို မြင်ကြတယ်လေ” လို့ ဟိန္ဒားရွာခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဦးထွန်းနိုင်ဟာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သလို စစ်ကောင်စီတပ်သားတွေနဲ့ အတူတူသွားလာနေထိုင်နေသူဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားသူလည်း ဖြစ်တယ်လို့ ရွာခံတချို့က ပြောဆိုတာတွေ ရှိ ပါတယ်။
ဦးထွန်းနိုင်ကို ဖမ်းဆီးသွားပြီးနောက် မွန်းလွဲ ၂ နာရီလောက်မှာ ဟိန္ဒားရွာရဲ့အနောက်ဘက်က သေနတ်ပစ်ခတ်သံ နှစ်ချက်ခန့်ထွက်ပေါ်ခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။ အဲ့ဒါက ဦးထွန်းနိုင်ပစ်သတ်ခံလိုက်ရတာဆိုပြီး ကျေးရွာအတွင်းမှာ ပြောဆိုတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ဦးထွန်းနိုင်ကို မိသားစုဝင်တွေက လိုက်ရှာနေပေမဲ့ မနေ့ကညပိုင်းအထိတော့ ပြန်မတွေ့သလို ပြန်လွတ်လာတာမျိုးလည်း မရှိသေးဘူးလို့ ရွာခံတွေက ပြောပါတယ်။
သူ့ကို ဖမ်းဆီးသွားတဲ့ လက်နက်ကိုင်အဖွဲ့က ဘယ်အဖွဲ့ ဆိုတာကိုတော့ အခုအချိန်အထိ မသိရသေးပါဘူး။
ပြီးခဲ့တဲ့နှစ်ကလည်း ဟိန္ဒားရွာထိပ်က စစ်ကောင်စီတပ်စခန်းကို မကြာခဏလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်တွေရှိခဲ့ပေမဲ့ ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ပြောဆိုတာမျိုးမရှိခဲ့ပါဘူး။
The Tanintharyi Times
