မောတောင်မြို့သိမ်းတိုက်ပွဲမှာ BPLA ပါဝင်တိုက်ခိုက်ခဲ့

မောတောင်မြို့သိမ်းတိုက်ပွဲမှာ BPLA ပါဝင်တိုက်ခိုက်ခဲ့

ပုံစာ - မောတောင်တိုက်ပွဲမှာပါဝင်နေတဲ့ BPLA ရဲဘော်တချို့။ဓာတ်ပုံ - Maung Saungkha

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့သိမ်း တိုက်ပွဲမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

မောတောင်မြို့ပေါ်မှာ လေးရက်ခန့်အကြာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်ပြီးနောက် ဒီနေ့မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေက မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်လိုက်တာပါ။

အဲဒီတိုက်ပွဲမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ရဲဘော်တွေ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း BPLAရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခက သူ့ရဲ့ လူမှုကွန်ရက်မှာ မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ဖော်ပြပါတယ်။

အဲဒီမြို့သိမ်းတိုက်ပွဲကို တပ်မဟာ ၄ KNLA တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်အပြင် တခြားအဖွဲ့တွေလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ချိန် စစ်သား၊ ရဲနဲ့ ပျူစောထီး ၆၀ ဝန်းကျင်လောက် ထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးသွားပြီး တချို့ကတော်လှန်ရေးတပ်တွေဆီမှာ လက်နက်ချခဲ့တယ်လို့ သိရပါတယ်။

မြို့ကိုသိမ်းပိုက်ပြီးနောက် စစ်အုပ်စုဘက်က လက်နက်ခဲယမ်းအများအပြားကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဘက်က သိမ်းမိခဲ့ပါတယ်။

BPLA ဟာ အခုနှစ် မေလကသိမ်းယူခဲ့တဲ့ ထားဝယ်နဲ့ ထိုင်းနိုင်ငံနယ်စပ်မှာရှိတဲ့ ထီးခီးနယ်စပ်စခန်းသိမ်းတိုက်ပွဲမှာလည်း KNU၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

The Tanintharyi Times