သီကုံးထားတဲ့ မျှော်လင့်ချက်လေးတွေ

သီကုံးထားတဲ့ မျှော်လင့်ချက်လေးတွေ

ချစ်ရသူရေ…
သိကြားမင်းနဲ့ အသူရာတို့ စစ်ခင်းချိန် ရောက်ပြန်ပြီပေါ့ကွယ်
ကမ္ဘာမြေဟာ အစိုစို အရွှဲရွှဲ
ဝေးကွာရသူတွေ မဆုံနိုင်သေးသူတွေရဲ့
ပါးပြင်ထက်မှာလည်း အစိုစို အရွှဲရွှဲ။

စစ်တလင်းဟာ
ဝေဟင်မှာ မြေပြင်မှာ
အရပ်ဆယ်မျက်နှာအနှံ့
တရားတဲ့သူသာ နိုင်ကြေးလို့ အားခဲထားရင်း
ချစ်ရသူတွေအတွက်
အလွမ်းပွင့်တွေကို သီကုံးရတာလည်း အခါခါ။

ချစ်ရသူရေ…
မိုးဦးရာသီမှာ အလွမ်းတွေနဲ့ မှုံမှိုင်းနေပေမယ့်
ချစ်ရသူအတွက် စံပယ်တစ်ကုံးလည်း သီမယ်
ဖျားနာနေတဲ့ ကမ္ဘာကြီးအတွက် သစ်ပင်တစ်ပင်လည်း စိုက်ပါ့မယ်။

ယုတ်မာကောက်ကျစ်လှတဲ့ အာဏာရှင်တစ်သိုက်ကြောင့်သာ
ကမ္ဘာမြေလည်း အနာအဖျားကြီးရ
လူသားတွေလည်း သေကွဲ ရှင်ကွဲ ခွဲခွာကြရ
ချစ်တဲ့သူနဲ့ ကွေကွင်းရခြင်း ဆင်းရဲဟာ
အိမ်တိုင်း မိသားစုတိုင်း အရပ်ဒေသတိုင်းမှာ။

ချစ်ရသူရေ…
တရားမျှတမှု ဆောင်ကြဉ်းရာ ခရီးလမ်းကို
နောက်မဆုတ်စတမ်း ဆက်လက်လျှောက်လှမ်းပါကွယ်
အသူရာတို့ ကျရှုံးခန်းဟာ လက်တစ်ကမ်းမှာ မဟုတ်လား
ဒီမိုးနှောင်းမှာ နေခြည်ဖြာလာတဲ့အခါ
သီထားတဲ့ စံပယ်တစ်ကုံး၊ ပျိုးထားတဲ့ သပြေတစ်ခက်နဲ့
ကမ်းလက်လေးတွေ ဝေမျှကြရင်း
ယှက်ဖြာဝေဆာနေတဲ့ သစ်ပင် ပန်းမန်တွေနဲ့
ထွန်းပလင်းလက်နေတဲ့ ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာတွေနဲ့
ဖျားနာနေတဲ့ မြေကမ္ဘာကို ဆေးကုကြတာပေါ့ကွယ်။ ။
9:25 PM

ငြိမ်းပန်

The Tanintharyi Times