အပူလွန်ကဲခြင်းနဲ့ ကလေးတွေအတွက် သတိပြုရမဲ့ အချက်တွေ
အပူလွန်ကဲခြင်းနဲ့ ကလေးတွေအတွက် သတိပြုရမဲ့ အချက်တွေ
နွေရဲ့ လက်ကျန်နေရက်တွေမှာ ပူအိုက်တဲ့ ဒဏ်ကို ကလေးကော လူကြီးပါ အသည်းအသန် ရင်ဆိုင်နေရပါတယ်။ ဒီလို အချိန်မှာ သတိထားရမှာက အပူလွန်ကဲခြင်း မဖြစ်ဖို့ပါ။
အပူလွန်ကဲခြင်းဆိုတာက ကိုယ်တွင်းအပူချိန်၁၀၄ဒီဂရီဖာရင်ဟိုက်အထက် ရှိနေခြင်းကို ဆိုလိုပါတယ်။
အပူလွန်ကဲခြင်းဒဏ်ကို ပိုမိုခံစားရလေ့ရှိသူတွေက သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေပါ။ ဒီ အပူလွန်ကဲခြင်းဒဏ်ကို အုံတုနိုင်ဖို့ လူလတ်ပိုင်းအရွယ်တွေထက် ကလေးတွေက ပိုမိုကြိုးစားကြရပါတယ်။
အပူလွန်ကဲခြင်းဖြစ်စေတဲ့ အကြောင်းတွေက
– နေပူထဲမှာအချိန်ကြာကြာနေခြင်း
– နေပူထဲမှာ ပြေးလွှားဆော့ကစားခြင်း
– လေဝင်လေထွက်မကောင်းတဲ့ ထူထဲတဲ့အဝတ်တွေ ဝတ်ဆင်ခြင်း
– ရေသောက်နည်းခြင်း
– လေဝင်လေထွက်မကောင်းတဲ့ နေရာမှာနေခြင်း တို့ဖြစ်ပါတယ်။
– အပူလွန်ကဲခြင်းကိုခံစားရရင် ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာတွေက
– ခေါင်းကိုက်ခြင်း
– အသက်ရှုမြန်ခြင်း
– မျက်နှာမှာနီမြန်းနေခြင်း
– ခန္ဓာကိုယ်တစ်ခုလုံး ပူနေခြင်း
– ပျို့ အန်ခြင်း
– နှုတ်ခမ်းတွေ ဖြူဖျော့နေခြင်း
– နှလုံးခုန်မြန်နေခြင်း
– မိတ်ကဲ့သို့အပူဖုတွေ ပေါက်တတ်ခြင်း
– ရေငတ်နေသကဲ့သို့ ခံစားရခြင်းတို့ ဖြစ်ပါတယ်။
ကလေးတွေ အပူဒဏ်လွန်ကဲခြင်း မဖြစ်စေဖို့ သတိပြုရမဲ့အချက်တွေ
ကလေးဆိုတာ ဆော့ကစားတတ်ကြတဲ့အတွက် နေအေး၊အရိပ်အေးအောက်မှာ ဆော့ကစားဖို့သတိပေးရပါမယ်။
ရေကိုပုံမှန်ချိုးဖို့လည်း လိုပါတယ်။ရေချိုးတဲ့အခါမှာလည်း ရေပူမဖြစ်ဖို့ လိုပါတယ်။ကလေးဖြစ်တဲ့အတွက် လူကြီးသူမတွေကိုယ်တိုင် ချိုးပေးဖို့ လိုပါတယ်။နေပူထားတဲ့ ကျောက်ပြားပေါ်မှာ ရေချိုးတာမျိုး မလုပ်ဖို့လည်း သတိပြု ရပါမယ်။
ရေကိုပုံမှန်သောက်ဖို့ သတိပေးနေရပါမယ်။
ရေသောက်နည်းတဲ့ကလေးတွေအဖို့ သစ်သီးဖျော်ရည်တွေတိုက်တာ၊ ဓာတ်ဆားရည် တိုက်တာတို့ လုပ်ဆောင်ပေးသင့်ပါတယ်။
ထမင်း၊ ဟင်းကျွေးရာမှာလည်း အခြောက်တိုက်မကျွေးဘဲ ဟင်းရည်သောက်ပါထည့်ကာ ကျွေးသင့်ပါတယ်။
ကလေးတွေ ဆော့ကစားတဲ့အချိန်မှာလည်း ပူလွန်းတဲ့နေ့အချိန်မဖြစ်ဖို့ ဂရုပြုပေးရပါမယ်။မနက်(၁၀)နာရီ မတိုင်ခင်နဲ့ ညနေ(၄)နာရီနောက်ပိုင်းတွေမှာသာ ဆော့ကစားခိုင်းသင့်ပါတယ်။
အဝတ်အစာတွေ ဝတ်ဆင်ပေးရာမှာလည်း ပွပွချောင်ချောင်ရှိတဲ့ ချည်ထည်တွေကိုသာဝတ်ဆင်ပေးသင့် ပါတယ်။
မဖြစ်မနေအပြင်ထွက်ရတဲ့အခါ ဦးထုပ်၊ထီးစတဲ့အမိုးအကာတွေ မပါဘဲ မလွှတ်မိဖို့သတိပြုရပါမယ်။
နေပူထဲမှပြန်လာပြီး ချက်ချင်းရေမချိုးပါနဲ့။ ရေမချိုးမိအောင် အမြဲသတိပေးနေသင့်ပါတယ်။
ခရီးသွားတဲ့အခါမှာလည်း ကလေးကိုကားထဲမှာတစ်ယောက်တည်း ထားခဲ့တာမျိုးကို သတိပြုရှောင် ကြဉ်ရပါမယ်။
ကားထဲမှာ ကြာရှည်ထားထားတဲ့ ရေဘူးထဲက ရေကိုသောက်တာမျိုးကိုလည်း ရှောင်ကြဉ် ရပါမယ်။
ကလေးမှာ အပူချိန်တက်တယ် ထင်ရင် ပေါင်ကြား၊ချိုင်းကြားတို့ကို ရေအေးဝတ် ကပ်ပေးတာ၊ နဖူးပေါ်မှာ ရေခဲတင်တာတွေပြုလုပ်ပေးနိုင်ပါတယ်။
ငယ်လွန်တဲ့ ကလေးတွေကို သိပ်တဲ့အခါမှာ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာသိပ်သင့်ပါတယ်။
ကလေးတွေကို အသက်အရွယ်အလိုက် နို့ဖြစ်ဖြစ်၊ ရေဖြစ်ဖြစ် ရေဓာတ်လုံလောက်မှုရှိအောင် တိုက်ပေးဖို့ လိုပါတယ်။
ကလေးငယ်ရဲ့ အသားအရေကို မကြာမကြာစမ်းပေးပါ။ချွေးထွက်သလား၊အပူလွန်နေသလားသိရှိစေဖို့ ဖြစ်ပါတယ်။
တကယ်လို့ မိမိရဲ့ကလေးတွေကို လေအေးစက်၊ပန်ကာတွေဖွင့်ပြီး သိပ်လေ့ရှိတယ်ဆိုရင် လေအေးစက်၊ပန်ကာတို့နဲ့ တိုက်ရိုက်ထိဆက်ခြင်းမရှိဖို့သတိပြုရပါမယ်။
အပူဖုပေါက်လေ့ရှိတဲ့ ကလေးကို သတိပြုပြီးလက်သည်းညှပ်ပေးသင့်ပါတယ်။ရှည်နေတဲ့လက်သည်းကို မညှပ်ပေးထားဘူးဆိုရင် ယားလို့ ကုတ်ရာကနေ အနာတွေဖြစ်လာနိုင်ပါတယ်။
မိတ်တွေပေါက်လာရင်လည်း မိတ်တွေကို မဖောက်ဖို့ ပြောပြထားရပါမယ်။မိတ်ပေါက် သက်သာစေဖို့ မန်ကျည်းခေါက်လိမ်းတာ၊သနပ်ခါးလိမ်းတာတွေ ပြုလုပ်ပေးသင့်ပါတယ်။
ကလေးရဲ့ လည်ပင်း၊ပေါင်ခွကြား၊အရေပြား ခြောက်တဲ့ နေရာတွေကို အမြဲသန့်ရှင်းခြောက်သွေ့အောင် ထားဖို့ လိုအပ်ပါတယ်။
အပူချိန်မြင့်မားလွန်းတဲ့ နေ့လယ်ခင်းအချိန်တွေမှာ ခရီးသွားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
အထက်ပါအချက်တွေကို သတိပြုနေတဲ့ကြားက မိမိတို့ကလေးမှာ ကယောင်ကတမ်းပြောခြင်း၊သတိလစ်ခြင်း၊ ရုတ်တရက်အော့အန်ခြင်း၊တက်ခြင်းတို့ဖြစ်လာပါက နီးစပ်ရာဆေးရုံ၊ဆေးခန်းတွေဆီ သွားသင့်ပါတယ်။
PKN
(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)
The Tanintharyi Times
