ဒုတိယမြောက် နရသိန်မှ အပြန် …
ဒုတိယမြောက် နရသိန်မှ အပြန် …
မိုးသက်လေပြင်းကြောင့် လမ်းမထက်မှာ အသွားအလာကျဲပါးနေချိန် လူငယ်တစ်ယောက်ဟာ မွေးရပ်မြေမဟုတ်တဲ့ တပါးသောအရပ်ဆီက ရဲစခန်းနဲ့ဝေးရာကို ခြေဗလာနဲ့ ဒုန်းစိုင်းပြေးနေခဲ့ပါတယ်။
သူ့နှလုံးခုန်သံသူပြန်ကြားနေရပေမဲ့ သူ့နားခိုရာနေရာဆီကို မနားတမ်းပြေးနေတယ်။ သူဟာ နရသိန်နှစ်ခုစလုံးကို အောင်နိုင်ခဲ့ပြီမဟုတ်ပါလား။
သူ့နာမည်က ကိုဘုန်းပါ။ အသားဖြူဖြူ၊ အရပ်ရှည်ရှည်နဲ့ အနေအေးတဲ့ ထားဝယ်မြို့ခံ လူငယ်။ ကွန်ပျူတာတက္ကသိုလ်မှာ ဘွဲ့ရပြီးတဲ့နောက် ဘော်ဒါဆရာတစ်ယောက်အဖြစ် အလုပ်လုပ်တယ်။ အာဏာသိမ်းတော့ CDM ကျောင်းသားတွေကို တိတ်တဆိတ် စာသင်ပေးတယ်။ တဖက်ကလည်း ဖခင်မရှိတော့တဲ့ မိသားစုဝန်ကိုသူက ပခုံးထမ်းထားတယ်။
၂၀၂၂ နိုဝင်ဘာ လကုန်ရက်မှာတော့ သူ့ဘဝဂျွမ်းထိုးမှောက်ခုန်ဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်။
လူငယ်အများအပြားကို ဖမ်းဆီး ဖိနှိပ်ရာမှာ စစ်အုပ်စုက အသုံးချလေ့ရှိတဲ့ ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်မှာ ကိုဘုန်းရဲ့ ဓာတ်ပုံ၊ လိပ်စာအတိအကျနဲ့ PDF ကိုထောက်ပို့နေသူလို့ ရေးသားပြီး ဖမ်းဆီးဖို့ လှုံ့ဆော်ခံခဲ့ရပါတယ်။ နှစ်နာရီလောက်အကြာမှာပဲ အရပ်ဝတ်ရဲတွေက သူ့အိမ်ကိုရောက်လာပြီး သူ့ကိုဖမ်းလိုက်ပါတယ်။
သူနောက်ဆုံး မှတ်မိတာက အသက် ၇၀ နီးပါးအရွယ် အမေအိုဟာ သူ့ကိုကြည့်ပြီး အကြီးအကျယ်ငိုယိုပြီး ကျန်ရစ်ခဲ့တာကိုပေါ့။
ဖမ်းခံရပြီးတာနဲ့ ကိုဘုန်း စစ်ကြောရေးရောက်တယ်။ သူပြောပြတဲ့ သူ့ခံယူချက်က “ကိုယ်ဖြစ်ရင်ကိုယ်ခံရမှာပေါ့၊ သူများကိုတော့ဒုက္ခပေးလို့မရဘူး” ဆိုတာပဲ။ ဒါကြောင့် စစ်ကြောရေးအခန်းထဲမှာလည်း သူနဲ့ပတ်သက်သူတွေကို ဖော်ထုတ်တာမျိုးမလုပ်ခဲ့ဘူးလို့ ဂုဏ်ယူပြီးပြောဆိုပါတယ်။
စစ်သားတွေ၊ ရဲတွေနဲ့ အမျိုးအမည်မသိရတဲ့ စစ်ကြောသူတွေကလည်း မဖြေလေ ပိုစစ်လေ၊ ပိုနှိပ်စက်လေ။
ဖမ်းခံရပြီးနောက်တစ်ရက်မှာပဲ ထိုးကြိတ်၊ ကန်ကျောက်ထားတဲ့ဒဏ်ကြောင့် သူ့ရဲ့ပါးစပ်မှာသွေးတွေ စီးကျနေခဲ့ပါတယ်။ သူ့ရဲ့ လက်ချောင်းတွေကလည်း ဓားမြှာင်နဲ့ထိုးစိုက်ခံထားရတယ်။
ဒါပေမဲ့ သူဟာအဖော်မဲ့နေသူတော့မဟုတ်ခဲ့ပါဘူး။ သူ့နဲ့အတူ အချုပ်ခန်းထဲမှာရှိနေတဲ့ တခြားနိုင်ငံရေးအကျဥ်းသားတွေလည်း မတူတဲ့ဒဏ်ရာကိုယ်စီနဲ့ပါ။ အဲဒီထဲက နိုင်ငံရေးအမှုနဲ့အဖမ်းခံရတဲ့ လူလတ်ပိုင်းတစ်ယောက်ဆိုရင် ခြေထောက်နှစ်ချောင်းစလုံးရိုက်နှက်ခံထားရလို့ လမ်းမလျှောက်နိုင်တော့ဘူး၊ တချို့ကဦးခေါင်းမှာ ပတ်တီးအဖွေးသား။ နာကျဥ်မှုနဲ့အအေးဒဏ်ကြောင့် ညဘက်မှာ ငြီးသံတွေပါထွက်နေခဲ့တယ်။
သွေးညှီနံ့ထုံသင်းနေတဲ့ ထားဝယ်မြို့မရဲစခန်း အချုပ်ခန်းဟာ ကိုဘုန်းတို့အတွက်တော့ ခေတ်သစ် အော့ဇဝတ်အကျဥ်းခန်းပါပဲ။
အဲဒီအကျဥ်းခန်းမှာ တစ်ပတ်ကြာပြီးနောက် ဒီဇင်ဘာလထဲမှာတော့ ထားဝယ်အကျဥ်းထောင်ကို ပို့ဆောင်ခံရပါတယ်။
ထားဝယ်ထောင်ဆိုတာဟာ ကိုဘုန်းတို့ ကွန်ပျူတာတက္ကသိုလ်တက်ချိန်က နေ့တိုင်းဖြတ်သွားနေကျနေရာပဲ။ မော့ကြည့်လိုက်ရင် ရေညှိစွဲနေတဲ့ အုတ်ရိုးအမြင့်ကြီးတွေပေါ်မှာ သံဆူးကြိုးအလိပ်တွေ၊ ခြံစည်းရိုးတွေ။ ဒီထက်ပိုပြီး သူထောင်အကြောင်းကိုရေရေရာရာမသိ၊ သိစရာလည်းမလိုလို့ ခံယူထားသူပါ။
ဒါပေမဲ့ ကိုဘုန်းထောင်ထဲကိုရောက်လာခဲ့တယ်။ ခုနစ်လကြာပြီးနောက်မှာတော့ ထားဝယ်ခရိုင်တရားရုံးက နိုင်ငံတော်အကြည်အညိုပျက်စေမှုဆိုတဲ့ ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ်သုံးနှစ်အမိန့်ချခဲ့ပါတယ်။
ထားဝယ်ထောင်ဟာ စစ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရေးအမှုတွေနဲ့ အကျဥ်းချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ ၄၀၀ ဝန်းကျင်လောက် ပုံမှန်ရှိနေတဲ့ အကျဥ်းထောင်တစ်ခု။ လူဦးရေ ၈၀၀ လောက်ပဲဆန့်ပေမဲ့ တစ်ထောင်ကျော်အထိထည့်ထားလို့ ပြည့်ကြပ်နေတဲ့ အကျဥ်းထောင်တစ်ခုလည်းဖြစ်ပါတယ်။
ကိုဘုန်းထောင်ကျခဲ့တဲ့ နှစ်နှစ်တာဟာ ထားဝယ်ထောင်မှာ လှုပ်ခတ်မှုအများဆုံးကာလတွေ ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးအကျဥ်းသား ကိုမင်းသူနဲ့ ကိုဝင်းသီဟတို့ကို ထောင်ဒဏ်တွေအမိန့်ချပြီးမှ စစ်ကြောရေးကိုပြန်လည်ခေါ်ထုတ်ပြီး သတ်ဖြတ်ခဲ့တာတွေဟာ သူထောင်ထဲရှိနေချိန်ဖြစ်ခဲ့တာပါ။ ဒါ့အပြင် နိုင်ငံရေးအကျဥ်းသားတွေကို ထိုးကျိတ်တာ ရိုက်နှက်တာတွေကလည်း သူ့မျက်စိရှေ့ မကြာခဏဆိုသလိုပါ။
ဒီလိုအရှုပ်အထွေးတွေကြားမှာ အကျဥ်းသားတွေ ပျော်ရတဲ့အချိန်လေးတွေလည်း ရှိခဲ့ပါတယ်။ သူတို့ဟာ ညဘက် ပေါက်ကွဲသံတွေကြားရင် သိပ်ပျော်ကြပါတယ်တဲ့။ ထားဝယ်မြို့အဝင်ဂိတ်ကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့တိုက်ခိုက်တာတွေ လာပစ်တာတွေဟာ သူတို့ကို အကြီးအကျယ်အားတက်စေတယ်လို့လည်းဆိုတယ်။
“ပေါက်ကွဲသံကြားရင် တစ်ညလုံးအိပ်တောင်မပျော်ကြဘူး” လို့ ကိုဘုန်းကပြောတယ်။ မနက်ရောက်ရင်လည်း ညကအကြောင်း ထင်ကြေးပေးကြ ငြင်းကြခုန်ကြတယ်။ ပေါက်ကွဲသံက နီးနီးနားနားကြားရရင် ထောင်တံခါးကို လာဖွင့်ဖို့အထိတောင် အကျဥ်းသားတွေက မျှော်လင့်ခဲ့ကြတယ်။
အပြင်ကိုရောက်တော့ သူတို့ထင်ထားသလိုမျိုးမဟုတ်။ ဒီဒေသဟာ နေ့ချင်းညချင်း အပြောင်းအလဲဖြစ်လာစရာမရှိဘူးလို့ သူကောက်ချက်ချလိုက်တယ်။ ”ကျနော်စိတ်အထိခိုက်ဆုံးက KNU နဲ့ ကော်သူးလေ တိုက်ပွဲတွေဖြစ်နေတာကိုပဲ” လို့ ကိုဘုန်းကပြောရင်း သက်ပြင်းချတယ်။
ကရင်တော်လှန်ရေးတပ်ဖွဲ့နှစ်ခုဖြစ်တဲ့ KNU တပ်မဟာ ၄ နဲ့ ကော်သူးလေတပ်မတော်တို့ရဲ့ နှစ်ဖက်တိုက်ပွဲသတင်းတွေက အကျဥ်းထောင်တွေထဲအထိ စိတ်ဓာတ်ကျစေခဲ့တာပါ။
နှစ်နှစ်နဲ့တစ်လကျော် ကြာပြီးနောက် အခုနှစ်အစမှာတော့ ကိုဘုန်း ထားဝယ်ထောင်က ပြန်လွတ်လာခဲ့ပါတယ်။ အရင်က အသားဖြူဖြူ လူရည်သန့် ကိုဘုန်းဟာ အခုတော့တစ်ကိုယ်လုံးအနှံ့ ဝဲနဲ့ယားနာတွေ၊ မည်းညစ်နေတဲ့ အသားအရေနဲ့ လူကြမ်းကြီးလုံးလုံးဖြစ်နေခဲ့ပါပြီ။
အဲဒီနေ့မှာ အပျော်ဆုံးကတော့ သူ့ရဲ့အမေပါပဲ။ သူဟာအလှဆုံးပြုံးနေခဲ့တယ်။ ဒါပေမဲ့ ထောင်ကျတဲ့နှစ်နှစ်အတွင်း သူ့မိခင်ဟာ ဆယ်နှစ်စာလောက် ပိုပြီးအိုမင်းရင့်ရော်သွားသလိုပါ။ သွေးတိုးနဲ့ ဆီးချိုရောဂါတွေကကိုဘုန်းရဲ့မိခင်ကို ဆတိုးရင့်ရော်စေခဲ့တယ်။
ကိုဘုန်းရဲ့မိခင်ဟာ “သားပြန်လာပြီဆိုတော့ ကျမကို ကျန်းမာရေး ဂရုစိုက်ပေးမယ့်သူရှိသွားပြီလေ” ဆိုပြီးပျော်နေခဲ့တဲ့အချိန်ပါ။
နှစ်နှစ်ကျော်မှာ ဆုတ်ယုတ်သွားတာတွေက အမေအိုရဲ့ကျန်းမာရေးနဲ့ မိသားစုရဲ့ပိုင်ဆိုင်မှုတွေဆိုရင် တိုးလာတာကတော့ ရပ်ကွက်ထဲမှာအတိုးနဲ့ယူထားတဲ့ အကြွေးတွေပေါ့။ ဒါအပြင် သူ့ကိုစောင့်ကြိုနေတဲ့ စစ်မှုထမ်းဥပဒေနဲ့ လွှတ်ပေးပြီး ပြန်ဖမ်းလို့ ထောင်ထဲရောက်နေတဲ့ သူမိတ်ဆွေနိုင်ကျဥ်းတွေရဲ့ ကိုယ်တွေ့သင်ခန်းစာတွေက သူ့ကို အမေ့အိမ်ရဲ့အဝေး တစုံတခုဆီကို တွန်းပို့နေခဲ့ပါတယ်။
ဒါကြောင့် အိမ်မှာကျောပူအောင်မနေခဲ့ရဘဲ ၉ ရက်တိတိကြာပြီးတဲ့နေ့ မနက်စောစောမှာ ကျောပိုးအိတ်တစ်လုံးနဲ့ အမေ့ကိုကျောခိုင်းပြီး အိမ်ကထွက်ခဲ့တယ်။
တောတောင်တွေ မြို့ပြတွေကိုဖြတ်၊ ကားတတန်လှေတတန်နဲ့ ခရီးရှည်ဟာ ထိုင်းနိုင်ငံတောင်ပိုင်းက ကော့စမွေကျွန်းမှာဆုံးပါတယ်။ ကော့စမွေကျွန်းဆိုတာ တနင်္သာရီတိုင်းထဲက လူငယ်တွေ အများအပြား သွားရောက်အလုပ်လုပ်ကြလို့ တချို့လမ်းတွေဟာ မြန်မာပြည်ကလမ်းတွေလို ဖြစ်နေခဲ့ပြီ။ မြန်မာဘားတွေ စားသောက်ဆိုင်တွေလည်း အများအပြားရှိတဲ့နေရာ။
အဲဒီအချိန်က ကိုဘုန်းရဲ့စိတ်ဟာ တက်ကြွပြီးလန်းဆန်းနေခဲ့တယ်။ အချိန်နှစ်နှစ်ကျော် ဆုံးရှုံးခဲ့တာတွေကို ပြန်ပြီး သင်ပုန်းချေဖို့ သူအဆင်သင့်ဖြစ်နေပြီ။ ဒါကြောင့် ရောက်ရောက်ချင်းမှာပဲ နေ့စားနဲ့ သန့်ရှင်းရေး၊ ပန်းကန်ဆေး၊ အနင်းအနှိပ် အလုပ်မရွေးဘဲ အစုံလုပ်တယ်။ ကံကောင်းထောက်မစွာနဲ့ လူစည်တဲ့လမ်းတစ်ခုက ရေခဲမုန့်ဆိုင်တစ်ခုက အလုပ်ခေါ်လို့လျှောက်ကြည့်တော့ အရောင်းဝန်ထမ်းအလုပ် ရသွားတယ်။
“ဒီအလုပ်ရတုန်းကဆို အမေကလည်းအရမ်းပျော်နေတာ” လို့ ကိုဘုန်းကပြောပြတယ်။
အလုပ်ရပြီး တစ်ပတ်ကျော်အကြာ ရေခဲမုန့်ဆိုင်ကို ထိုင်းရဲတွေကဝင်ဖမ်းချိန် အထောက်အထားမရှိတဲ့ ကိုဘုန်းကိုမိပါတယ်။ ဒါဟာထားဝယ်ထောင်ကလွတ်ပြီး တစ်လကျော်အကြာမှာပါ။
နေ့ချင်းပဲ သူ့ကို ရဲစခန်းကတဆင့် ကော့စမွေအကျဥ်းထောင်ဆီပို့တယ်။ ထိုင်းစာ ထမင်းစားရေသောက်ကိုတောင် လေ့လာနေရဆဲကိုဘုန်းဟာ သူ့ကို ဘယ်နှရက် အမိန့်ချမှန်းမသိသလို ထောင်ထဲမှာ ဘယ်လောက်ကြာကြာနေရမလဲမသိရှာ။
ရဲစခန်းမှာ စစ်ဆေးတဲ့အချိန်ကတော့ ထိုင်းရဲတစ်ယောက်က မြန်မာနိုင်ငံကို ပြန်ချင်လား၊ ပြန်ပို့ပေးရမလားလို့ လှောင်ပြုံးပြုံးပြီး ဘာသာပြန်ကတဆင့်မေးတယ်။ မင်းမကြောက်ဘူးလား ဆိုတဲ့ပုံစံမျိုးနဲ့ ကိုဘုန်းကိုမေးတယ်။
ဒီစကားကိုတော့ ကိုဘုန်းတစ်ယောက် အကြီးအကျယ်စိုးရိမ်နေခဲ့ပါတယ်။ မြန်မာနိုင်ငံကို နယ်စပ်ကပြန်အပို့ခံရတာဟာ သေတွင်းဆီတွန်းပို့တာပဲ မဟုတ်ပါလား။
ထိုင်းကို တရားမဝင်လမ်းကဝင်လို့အဖမ်းခံရတဲ့သူတွေကို ပြည်တွင်းပြန်ပို့ချိန် စစ်ကောင်စီဟာ အခန့်သား ခေါ်ဆာင်သွားပြီး စစ်မှုထမ်းစေ၊ တိုက်ပွဲဝင်စေခဲ့တာ ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းကပါပဲ။ အခုနှစ်အစထိဆိုရင် ရနောင်းနယ်စပ်ဂိတ်တစ်ခုတည်းကနေ စစ်မှုထမ်းသင်တန်းဆီ ခေါ်ဆောင်ခံရတာဟာ လူငယ်ဦးရေ ထောင်ဂဏန်းအထိ ရှိလာနေပါပြီ။
မြန်မာနိုင်ငံသားတွေဟာ အဲဒီထောင်ထဲမှာ စားစရာပို့ပေးမယ့်သူမရှိ၊ ပိုက်ဆံပို့ပေးမယ့်သူမရှိ။ နှစ်ရှည်ထောင်ချခံထားရတဲ့ မြန်မာနိုင်ငံသားတွေဆိုရင် ထိုင်းနိုင်ငံသားအကျဥ်းသားတွေ ခိုင်းတဲ့ ဝေယျာဝစ္စတွေကိုလုပ်ပေးပြီး အနှိမ်ခံဘဝနဲ့ နေထိုင်နေရတဲ့အထိပါ။
အစားအသာက်ကတော့ ထားဝယ်အကျဥ်းထောင်နဲ့ ယှဥ်ရက်စရာမရှိအောင် ဝဝလင်လင် အမယ်စုံစုံကျွေးပါတယ်။ ဒါပေမဲ့ လူသုံးဆယ်နီးပါးရှိတဲ့အခန်းမှာ အားလုံးနီးပါးဟာ ထိုင်းနိုင်ငံသားတွေ။ ကိုဘုန်းကတော့ အခန်းထောင့်လေးတစ်ခုမှာ ခွေအိပ်ရင်း ထိုင်းထောင်တွင်းနေ့ရက်တွေကို ဖြတ်သန်းခဲ့တယ်။
သူဟာ လွန်ခဲ့တဲ့နှစ်နှစ်ကျော်က စာသင်ပေးလို့ ထောင်ကျတယ်၊ သူယုံကြည်ရာကိုလှူလို့ထောင်ကျတယ်။ အခုတခါ အမေ့ကို ဆေးကုပေးချင်လို့၊ အတိုးနဲ့ယူထားတဲ့ အကြွးတွေပြန်ဆပ်ချင်လို့ ထောင်ကျတယ်။
ထိုင်းထောင်မှာ ၁၁ ရက်ကြာပြီးနောက်မှာတော့ ရဲစခန်းကိုပို့ပြီး မင်းသွားလို့ရပြီလို့ ထိုင်းရဲကပြောတယ်။ အဲဒီနေ့က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄။ ထိုင်းနိုင်ငံက ခရိုင် ၁၃ ခုမှာ အချိန်အခါမဟုတ် မိုးရွာပြီး လေပြင်းတွေတိုက်နေတဲ့နေ့။
ကိုဘုန်းဟာ သူ့ကိုလွှတ်ပေးတာကိုတောင် မယုံတော့ဘူး။ ရဲစခန်းပေါက်ဝမှာရပ်နေတဲ့ ရဲတွေက သူ့ကိုပြန်ဖမ်းလိုက်မှာကို ကြောက်နေတယ်။ ရက်ဆက် အိပ်မပျော်တဲ့ဒဏ်ကြောင့် ဂယောင်ချောက်ခြားဖြစ်နေခဲ့ပြီ။ တုန်တုန်ရီရီနဲ့ တလှမ်းချင်းလျှောက်ပြီး စခန်းအပြင်အရောက်မှာ ကိုဘုန်းတစ်ယောက်မိုးရေထဲ ခြေဗလာနဲ့ အရူးတစ်ယောက်လိုပြေးနေခဲ့ပါတယ်။
သူ့အခန်းဆီကိုရောက်ရောက်ချင်း မိုးရေတွေရွှဲနေတဲ့ကိုဘုန်း အမေ့ဆီဖုန်းခေါ်တယ်။
တစ်ခေါင်းလုံးဖြူဖွေးနေတဲ့ ဆံပင်နဲ့ အမေအိုဟာ ဖုန်းမျက်နှာပြင်ပေါ်က ဘွဲ့ရပညာတတ်ကြီး၊ နှစ်ထောင်ပြန်လူကြမ်းကြီးကိုငေးပြီး မျက်ရည်တွေပဲ စီးထွေကျနေတော့တယ်။
ခေတ်
The Tanintharyi Times
