နေအိမ်ပြန်လာတဲ့ တိုကျေးရွာသားတစ်ဦးကို စစ်ကောင်စီက ပစ်သတ်

နေအိမ်ပြန်လာတဲ့ တိုကျေးရွာသားတစ်ဦးကို စစ်ကောင်စီက ပစ်သတ်

ပုလောမြို့နယ်၊ တိုကျေးရွာက ရွာသားတစ်ဦးကို စစ်ကောင်စီတပ်က မနေ့နေ့လည် ၁၁ နာရီလောက်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ပစ်သတ်ခံရသူဟာ အသက် ၄၈ နှစ်အရွယ် ကိုစိုးပု ဆိုသူဖြစ်ပြီး နေအိမ်မှာ ရေပုံးဝင်ယူစဥ် တိုတောင်ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်လိုက်တာလို့ သိရပါတယ်။

တိုရွာခံ တစ်ဦးကတော့ “သူတို့မိသားစုက လယ်တွေထဲ စစ်ရှောင်နေတာအတော်ကြာပါပြီ။ အခု ရေပုံးဝင်ယူတာ လူကောရေပုံးပါ မမြင်ရတော့ဘူး။ ကိုယ့်အိမ်ကိုယ်လည်းဝင်လို့မရ။ ရွာသားတွေ အတော်ဒုက္ခရောက်နေပါပြီ” လို့ ပြောပြပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ တိုကျေးရွာအတွင်းမှာရှိတဲ့ တောင်ပေါ်မှာ အထိုင်ချတပ်စွဲထားပြီး ရွာထဲက စစ်ကောင်စီထောက်တိုင်တွေနဲ့ပူးပေါင်းကာ အိမ်တွေကို မီးရှို့လေ့ရှိတဲ့အတွက် ရွာသားတွေဟာ နေအိမ်မှာ မနေရဲဘဲ စစ်ရှောင်နေကြတာ တစ်နှစ်ခန့်ရှိပြီ ဖြစ်ပါတယ်။

စစ်ရှောင်နေရတဲ့ တိုရွာသားတွေဟာ ဆွေမျိုးရှိရာ ရွာတွေ၊ မြို့တွေမှာ သွားနေကြသလို အချို့ကတော့ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ကိုစိုးပုတို့လို နီးစပ်ရာ တောတောင်တွေနဲ့ လယ်တွေထဲမှာ တိမ်းရှောင်နေကြတာပဲ ဖြစ်ပါတယ်။

အခုလို အကြောင်းမဲ့ ပစ်သတ်ခံလိုက်ရတဲ့ ကိုစိုးပုရဲ့ အလောင်းကိုတော့ ရွာအပြင်တစ်နေရာမှာပဲ မိသားစုဝင်တွေက မြေမြုပ်လိုက်တယ်လို့ သိရပါတယ်။

ပုလောမြို့ထဲမှာ ရှိတဲ့ တိုကျေးရွာက အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေ ၃,၀၀၀ ထက်မနည်းရှိတဲ့ ကျေးရွာဖြစ်ပါတယ်။

ပုလောမြို့မှာ အခုလအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် တန်းရှင်းရွာက အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၇ ဦးထက် မနည်းဒဏ်ရာရခဲ့ပါတယ်။

The Tanintharyi Times