ရေဖြူမြို့နယ်ထွေအုပ်ရုံးနဲ့ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်း
ရေဖြူမြို့နယ်ထွေအုပ်ရုံးနဲ့ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်း
– ထွေအုပ်ရုံးမီးလောင်
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က ထွေအုပ်ရုံးနဲ့ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ မနေ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။
စစ်အုပ်စု လက်အောက်ခံတပ်တွေတပ်စွဲထားပြီး ရေဖြူမြို့မရဲစခန်းနဲ့ကပ်ရက်ရှိတဲ့ မြို့နယ်ထွေအုပ်ရုံးကို တော်လှန်ရေးပူးပေါင်းတပ်တွေ မနေ့က မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီနောက် ရေဖြူမြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြို့နယ်ထွေအုပ်ရုံးနဲ့ ဝန်ထမ်းအိမ်ရာ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“အဓိကကထွေအုပ်ရုံးမှာ ရွေးကောက်ပွဲအတွက် မဲစာရင်းအတွက် စာရွက်စာတမ်းတွေလုပ်နေကြတယ်။ ဒါတွေကို မီးရှို့ခဲ့တယ်။ တချို့ကိုသိမ်းလာတာရှိတယ်” လို့ ဝင်ရောက်တိုက်ခိုက်ရာမှာ ပါဝင်တဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
တပြိုင်နက်တည်းမှာပဲ ရေဖြူမြို့နယ်ထဲမှာရှိတဲ့ ခမရ ၄၀၆၊ ၄၀၇ တပ်ရင်းတွေကိုလည်း ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်အုပ်စု တပ်သားတွေ ထိခိုက်သေဆုံးတာတွေရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။
ဒါ့အပြင် မီးသတ်တပ်ဖွဲ့က ဦးစီးအရာရှိတစ်ဦးကိုလည်း တော်လှန်ရေးတပ်တွေဘက်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
စစ်အုပ်စု ဘက်ကတော့ မနေ့က မနက်ပိုင်းမှာ KNU နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ရေဖြူမြို့ထဲကိုဝင်ရောက်ပြီး အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ သစ်တောဦးစီးမှူးရုံး၊ စုပေါင်းဌာနဆိုင်ရာရုံးတွေကို မီးရှို့ဖျက်ဆီးခဲ့လို့ ထုတ်ပြန်ထားပါတယ်။
မနေ့ကတိုက်ခိုက်မှုကို ဘယ်အဖွဲ့တွေက လုပ်ဆောင်ခဲ့တယ်ဆိုတာနဲ့ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုအခြေအနေအသေးစိတ်ကို ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။

The Tanintharyi Times
