ကား ၉ စီးပါ စစ်ကောင်စီယာဥ်တန်း တစ်နေ့တည်းမှာ နှစ်ကြိမ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးသူ များပြားဟုဆို
ကား ၉ စီးပါ စစ်ကောင်စီယာဥ်တန်း တစ်နေ့တည်းမှာ နှစ်ကြိမ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးသူ များပြားဟုဆို
ပြီးခဲ့တဲ့နေ့ မနက်က ပုလောမြို့နယ်မှာ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတဲ စစ်ကောင်စီယာဥ်တန်းကို ထားဝယ်- မြိတ်ကားလမ်းမပေါ်မှာရှိတဲ့ ဘုတ်တောင်အနီးမှာလည်း ညနေ၅ နာရီခွဲ အချိန်ခန့်က ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါယာဥ်တန်းဟာ တစ်နေ့တည်းမှာ နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရတာပါ။ ပထမအကြိမ်တိုက်ခိုက်ခံရချိန်မှာ စစ်ကားတစ်စီးပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်လို့ တိုက်ခိုက်ခဲ့တဲ့အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒုတိအကြိမ် တိုက်ခိုက်ခံရမှုမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက အတည်ပြုပြောဆိုနေပေမဲ့ ကစယ်ဒိုစစ်ဖက်ဒရယ်စစ်ကြောင်းအနေနဲ့ သီးခြားအတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
” တကယ်တော့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းက မပေါက်ဖြစ်သွားပါတယ်။ ဒီတော့ သေနတ်နဲ့ပဲတိုက်ခဲ့ပါတယ်ဗျ။ စခကားတွေနောက်က ကုန်ကားပါ ကပ်လိုက်လာတော့ ကုန်ကားကိုပါ ရောပြီးပစ်မိသွားတယ်ဗျာ ” လို့ စစ်ကြောင်း တာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီယာဥ်တန်းကို ပစ်ခတ်တိုက်ခိုက်နေတဲ့ အချိန်အတောအတွင်းမှာ အနောက်မှာကပ်ပါလာတဲ့ ကုန်တင်ယာဥ်ကိုပါ မှားယွင်းစွာ ပစ်ခတ်မိတဲ့အတွက် အနူးအညွှတ် တောင်းပန်ကြောင်းကိုလည်း ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
အဆိုပါ မှားယွင်းပစ်ခတ်မှုကြောင့် ယာဥ်မှာသာ ထိခိုက်ခဲ့ပေမဲ့ ယာဥ်မောင်းနဲ့တကွ ကားပေါ်လိုက်လာတဲ့သူတွေမှာတော့ တစ်စုံတစ်ရာ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
မြိတ် – ထားဝယ်ကားလမ်းမတစ်လျှောက် စစ်ကောင်စီထောက်တိုင်တွေနဲ့ နီးနီးကပ်ကပ်သွားလာခြင်းမပြုဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အသီးသီးက အကြိမ်ကြိမ် အသိပေး မေတ္တာရပ်ခံထားပါတယ်။
အဆိုပါ ဖက်ဒရယ်စစ်ကြောင်းဟာ သရက်ချောင်းမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီယာဥ်တန်းတွေကို အလျဥ်းသင့်သလို တိုက်ခိုက်နေတဲ့ စစ်ကြောင်းတစ်ခုဖြစ်ပါတယ်။
The Tanintharyi Times
