ပုလောမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်‌တွေရဲ့ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ကျည်ထိမှန်ပြီး နေအိမ် အလုံး ၄၀ ခန့် ထိခိုက်ပျက်စီး

ပုလောမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်‌တွေရဲ့ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ကျည်ထိမှန်ပြီး နေအိမ် အလုံး ၄၀ ခန့် ထိခိုက်ပျက်စီး

ပုလောမြို့နယ်၊ တပိုကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဉ်တန်းမှာပါလာတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် သက်ကြီးရွယ်အိုတစ်ဦး အပါအဝင် ပြည်သူလေးဦး ကျည်ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

မြိတ်မြို့ဘက်ကနေ ပုလောမြို့ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ စစ်ကား ၉ စီးပါ စစ်ကောင်စီယာဥ်တန်းကို တောကြီးမြွေဟောက်အဖွဲ့ (King Cobra)က အောက်တိုဘာ ၁၂ရက် မနေ့ကမနက် ၇ နာရီ အချိန်ခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်အပြီးမှာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွါခဲ့ပေမဲ့

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် တပိုကျေးရွာက အမျိုးသမီးတစ်ဦး ခြေထောက်ရှပ်ထိ ဒဏ်ရာ၊ ဇရစ်ဆိပ်ကျေးရွာက သက်ကြီးရွယ်အိုတစ်ဦး ပေါင်ကျည်ထိမှန်ပြီး၊ ကလေးငယ်တစ်ဦးရှပ်ထိကာ ပလကျေးရွာရှိ ဇာဒီတောင်ဘုန်းကြီးကျောင်းဆိုင်းဘုတ်အနီး ထော်လာဂျီမောင်းနေတဲ့ အမျိုးသားတစ်ဦးကျည်ရှပ်ထိတဲ့ ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုလော-ပကဖ) ကထုတ်ပြန်ထားပါတယ်။

ထို့နောက်တပိုကျေးရွာကနေ ပလကျေးရွာသွားတဲ့ လမ်းတစ်လျှောက် စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တဲ့အတွက် တပိုကျေးရွာ၊ ဇရပ်ဆိပ်၊ မိန်းမမြို့ရွာ၊ ဘိုင်းပြင်ရွာ၊ မင်းပြင်ရွာနဲ့ ပလမြို့ကပြည်သူ့နေအိမ် အလုံး ၄၀ ခန့်နဲ့ အမိုးအကာ၊ TV၊ နေအိမ်အသုံးအဆောင်ပစ္စည်းအချို့ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြ ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြည်သူတွေစီးနှင်းလာတဲ့ ကားတွေကြားညှပ်ပြီး လူထုအကာအကွယ်ယူကာ လိုက်ပါ မောင်းနှင်းနေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ လုပ်ဆောင်မဲ့ မစ်ရှင်တွေကို ဖျက်သိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကား ၁ စီးပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို လူနာတင်ယာဥ်နဲ့ လာရောက်သယ်ယူသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တောင်ကြီးမြွေဟောက် အဖွဲ့ဟာ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ပုလောမြို့နယ်အတွင်းဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီယာဥ်တန်းတွေကို မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်လေ့ရှိတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

The Tanintharyi Times