သန်းနဲ့ချီတဲ့ မြန်မာစစ်ရာဇဝတ်မှုဆိုင်ရာ အချက်အလက်တွေ Facebook က ကုလထံ လွှဲပေး
သန်းနဲ့ချီတဲ့ မြန်မာစစ်ရာဇဝတ်မှုဆိုင်ရာ အချက်အလက်တွေ Facebook က ကုလထံ လွှဲပေး
မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာဖြစ်တဲ့ Facebook ဟာ မြန်မာ စစ်ဗိုလ်ချုပ်အပေါ် စွပ်စွဲထားတဲ့ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာတွေနဲ့ ပတ်သက်လို့ အထောက်အကူဖြစ်နိုင်တဲ့ သန်းနဲ့ချီတဲ့ အချက်အလက်တွေကို လွှဲပြောင်းပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။
မြန်မာနိုင်ငံအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ဟာ နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့် ဒါမှမဟုတ် နိုင်ငံတကာအဆင့် တရားရုံးတွေမှာ စစ်ဗိုလ်ချုပ်တွေကို တရားစွဲဖို့ အမှုတွဲတွေ တည်ဆောက်နေတာပါ။
အဲဒီ IIMM ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းပေးခဲ့ပြီး နောက်တစ်နှစ်မှာပဲ မြန်မာစစ်တပ်နဲ့ စစ်ဗိုလ်ချုပ်တွေကို နိုင်ငံတကာခုံရုံးတင်နိုင်ဖို့ စတင်လှုပ်ရှားခဲ့ပြီး လက်ရှိအချိန်အထိ အဆင့်ဆင့် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
“Facebook ဟာ သူတို့ဖြုတ်ချခဲ့တဲ့ အကောင့်တုအကောင့်ပုန်းတွေထံက စုဆောင်းထားတဲ့ သန်းနဲ့ချီတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ထံ လွှဲပြောင်းပေးအပ်လာပါတယ်” လို့ IIMM ရဲ့ အကြီးအကဲ Nicholas Koumjian က ဂျီနီဗာမှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ အစည်းအဝေးမှာ ပြောပါတယ်။
ရိုဟင်ဂျာ ခုနစ်သိန်းကျော်ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးစေခဲ့တဲ့ ၂၀၁၇ ခုနှစ်ရဲ့ စစ်တပ်ရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေအတွက် မြန်မာက ကုလသမဂ္ဂရဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
ရိုဟင်ဂျာတွေအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုအတွက် နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံကြောင်း Facebook က ပြောထားပါတယ်။
Facebook အပါအဝင် အခြားရင်းမြစ် စုစုပေါင်း ၂၀၀ ကျော်က ရရှိထားတဲ့ အချက်အလက် အထောက်အထားတွေကို ICJ၊ ICC တို့ အပါအဝင် နိုင်ငံတကာ တရားရေး အဖွဲ့အစည်းတွေထံ မျှဝေသွားမယ်လို့ IIMM က ဆိုပါတယ်။
ကိုးကား – SBS
The Tanintharyi Times
