ထားဝယ်-မေတ္တာလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကဖမ်းဆီးသွားတဲ့ဒေသခံတွေ တစ်ပတ်ကျော်ကြာတဲ့အထိ ပြန်မလွတ်သေး

ထားဝယ်-မေတ္တာလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကဖမ်းဆီးသွားတဲ့ဒေသခံတွေ တစ်ပတ်ကျော်ကြာတဲ့အထိ ပြန်မလွတ်သေး

ဓာတ်ပုံ - စစ်ကောင်စီတပ်သားတွေဝင်ရောက်မွှေနှောက်ခဲ့တဲ့ သင်္ကန်းတုံးရွာကနေအိမ်တစ်အိမ်။

စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ထားဝယ်မြို့ အရှေ့တောဒေသက ဒေသခံတွေဟာ တစ်ပတ်ကျော်ကြာတဲ့အထိပြန်မလွတ်လာသေးဘူးလို့သိရပါတယ်။

ထားဝယ်ကနေ ထီးခီးနယ်စပ်ဖက်ကို ထွက်ခွာလာတဲ့စစ်ကောင်စီယာဥ်တန်းဟာ ဇူလိုင်လ ၅ ရက်နဲ့ ၆ ရက်တို့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံငါးဦးထက်မနည်းကိုဖမ်းဆီးသွားခဲ့ပါတယ်။

သင်္ကန်းတုံးရွာက ရွာသား ၃ ဦး၊ ဘဝပင်ရွာက ရွာသားတစ်ဦးနဲ့ လမ်းမှာဆန်ကားမောင်းလာတဲ့ဆိတ်ဖြုန်းရွာသားတစ်ဦးတို့ကို ဖမ်းဆီးသွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတာကိုမသိရသေးသလို ဒီနေ့ ဇူလိုင်လ ၁၃ ရက်အထိပြန်မလွတ်လာသေးဘူးလို့ဒေသခံတွေကဆိုပါတယ်။

ဇူလိုင်လ ၄ ရက်နေ့က ထားဝယ်ကနေ ထီးခီးဘက်ကို ထွက်ခွာလာတဲ့စစ်ကောင်စီယာဥ်တန်းဟာ လမ်းတစ်ယောက် လေးကြိမ်တိုက်ခိုက်ခံခဲ့ရပြီး လက်နက်ကြီးတွေနဲ့ရွာတွေဘက်ကိုပစ်ခတ်လို့ဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ဒေသခံတွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေဝင်ရောက်မွှေနှောက်ပြီး ဆိုင်ကယ်၊ တီဗွီ၊ စားသောက်ကုန်တွေနဲ့အသုံးအဆောင်ပစ္စည်းအများအပြားကိုခိုးယူသွားခဲ့ပါတယ်။

The Tanintharyi Times