မောင်တောရှိ ကြိမ်ချောင်း နယ်ခြားစောင့်တပ်စခန်းကို AA အပြီးသတ် သိမ်းပိုက်

မောင်တောရှိ ကြိမ်ချောင်း နယ်ခြားစောင့်တပ်စခန်းကို AA အပြီးသတ် သိမ်းပိုက်

ဓာတ်ပုံ - AA

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ စစ်ကောင်စီရဲ့ ကြိမ်ချောင်း နယ်ခြားစောင့်တပ် ဗျူဟာစခန်းကို မနေ့က အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။

အဲ့ဒီစခန်းက စစ်ကောင်စီရဲ့ မောင်တောမြို့ရှိ လက်ကျန်တပ်တွေထဲက တစ်ခုဖြစ်ပြီး စခန်းသိမ်း စစ်ဆင်ရေးကာလ တစ်လအကြာမှာ AA က သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ နခခ (၇) ကြိမ်ချောင်းဗျူဟာကုန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀၀ လောက်နဲ့အတူ သူတို့ မိသားစုဝင် ၁၅၀ လောက်ရှိတဲ့ စခန်းကြီးတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ ဗျူဟာမှူး ဒု ဗိုလ်မှူးကြီး မင်းစိုးနဲ့ ဒုဗိုလ်မှူးကြီး ရဲမှူးကြီး ဝင်းမြင့်အောင်တို့ ဦးဆောင်တဲ့ ဗျူဟာစခန်းကြီးတစ်ခု ဖြစ်ပြီး မတ်လ ၂၃ ရက်နေ့က စတင်ကာ AA ဘက်က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ရတဲ့ နယ်ခြားစောင့်တပ်စခန်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။

အခုစခန်းသိမ်းတိုက်ပွဲမှာ ရခိုင်စစ်သည်တော်တွေရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်၊ တိုက်ရည်ခိုက်ရည်၊ သတ္တိ၊ အမိန့်နာခံမှု၊ အချိတ်အဆက်ကောင်းမှု၊ အမိန့်နဲ့တာဝန်တွေကို ဆင့်ကဲလိုက်နာနိုင်မှုအပေါ် စစ်ရုံးချုပ်အနေနဲ့ အလေးအနက် အသိအမှတ်ပြုတယ်လို့လည်း ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် စခန်းသိမ်းတိုက်ပွဲအတွင်း ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ အာရက္ခစစ်သည်တော်တွေကို လေးနက်စွာ ဂါရဝပြုတယ်လို့ ပြောဆိုထားပါတယ်။ AA တပ်ဖွဲ့ဝင်တွေရဲ့ ကျဆုံး၊ ထိခိုက်မှု အရေအတွက်ကိုတော့ ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။

စခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းအမြောက်အများ၊ စစ်သုံ့ပန်းတချို့နဲ့ တပ်မိသားစုဝင်တချို့ကို ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုရက်ပိုင်းအတွင်းမှာ အမ်း၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးခဲ့တာတွေ ရှိပါတယ်။ အခုလ ၁၀ ရက်၊ ညနေပိုင်းမှာ အမ်းမြို့နယ်၊ လုံးကျေးရွာ အနောက်ဘက်မှာ စစ်ကောင်စီအင်အား အယောက် ၅၀ လောက်ပါတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် အချိန်တိုတောင်းပေမယ့် ပြင်းထန်တဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

နာရီဝက်ကြာ ဖြစ်ပွားခဲ့တဲ့ အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းကို ပြန်လည်တပ်ဆုတ်သွားပါတယ်။ ယင်းတိုက်ပွဲမှာ AA တပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ ညနေ ၆ နာရီကျော်မှာတော့ မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာ အရှေ့ဘက်မှာ တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ခြောက်ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

အခုလ ၁၁ ရက်မှာလည်း အမ်းမြို့နယ်၊ မင်းဘော်ကျေးရွာ တောင်ဘက်မှာ ၅ နာရီနီးပါး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးကာ ဆယ်ဦးခန့် ဒဏ်ရာရရှိခဲ့သလို AA ဘက်ကလည်း အတော်အသင့်ဒဏ်ရာရှိသူတွေ ရှိခဲ့ပါတယ်။ AA အနေနဲ့ လက်နက်ချအညံ့မခံသေးတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (အမ်းဌာနချုပ်)၊ ဘူးသီးတောင် စကခ (၁၅) ဌာနချုပ်နဲ့ တောင်ကုတ် စကခ (၅) အပါအဝင် လက်ကျန်စခန်းတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

လက်ရှိ သိမ်းပိုက်ရရှိထားတဲ့ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကဲ့သို့ လက်နက်ချအညံ့မခံတဲ့ စခန်းတွေကို တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် အမြန်ဆုံးလက်နက်ချဖို့ ထပ်မံသတိပေးတယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times