ကျွန်တော် ငွေ့ငွေ့လေးဖျားနေပါသည်
ကျွန်တော် ငွေ့ငွေ့လေးဖျားနေပါသည်
ကျွန်တော် ငွေ့ငွေ့လေး ဖျားနေပါသည်။ ရော်ရွက်ဝါကြွေလေးနှင့် စကားပြောမိတော့ မနက်ဖြန်ဆိုတာ မသေချာဘူးတဲ့။ မီးခိုးတွေ အလိပ်လိုက်အလိပ်လိုက် လျှံထွက်နေတာ ငါတို့ဘဝတွေထဲကပါလား။ ဘာမှမတတ်နိုင်တော့ တောက်ခေါက်မိရုံပါပဲ။
ကျွန်တော် ငွေ့ငွေ့လေး ဖျားနေပါသည်။ ဆေးခန်းမပြဖြစ်ပါ။ နှာစေးအအေးမိရာက ဖျားခြင်းဖြစ်ပါသည်။ ချောင်းနည်းနည်းဆိုးသည်။ တစ်ရက်နှစ်ရက်နေလျှင် နေပြန်ကောင်းသွားပါလိမ့်မည်။
အမှန်တရား အပိုင်းအစ တစ်ခုတလေများ တစ်စုံတစ်ယောက်ပြုတ်ကျ ကျန်ခဲ့မလားလို့ လိုက်ရှာနေမိပြန်သည်။ ကျွန်တော်ဟာ ရေပေါ်အရုပ်ရေးသူ၊ ကိုယ့်ထံပြန်မလာသော အသံတွေကို စူးစမ်းရှာဖွေမိသူ၊ အချစ်ကြီးသူ၊ စွဲလမ်းတပ်မက်သူဖြစ်သည်။ ပတ်ဝန်းကျင်မြင်ကွင်းများသည် ရောင်စုံငါးလေးတွေ ကူးခပ်နေသလိုဆိုလျှင် ဘယ်လောက်များ သာယာနာပျော်ဖွယ် ကောင်းလိုက်မလဲ။
ကျွန်တော် ငွေ့ငွေ့လေးဖျားနေပါသည်။ ခဏနေရင် ပျောက်ဆုံးသွားတော့မလို၊ မီးလျှံထဲကို ဝင်တိုးသည့် ပိုးကောင်များလို ကျွန်တော့်စိတ်တွေ တုန်ခါယိမ်းယိုင်နေပါသည်။
ကူကယ်ရာမဲ့နေတဲ့ နှင်းဆီပင်၊ ကြောင်လေးတစ်ကောင်၊ ပြောခွင့်မရှိတော့သော ချစ်ခြင်းမေတ္တာနှင့် ကျွန်တော် ပြာကျလျက်ရှိပါသည်။ ဆောင်းသည် ရက်စက်စိမ်းကားလှသည်။ အိုးအိမ်မဲ့သည့်သူများအပေါ် မညှာမတာရွာပြီး အေးခိုက်နေသလိုပင်။ အသံတစ်သံကြားရသည်။ မြွေတွန်သံလား လေချွန်သံလားမသိ။ တံခါးခေါက်သံသည် မဖြေချင်သူအဖို့ မေးခွန်းများကို သယ်လာပေးပါသည်။
မှတ်တမ်းမှတ်ရာများ၊ နောက်ကျောကို ထိုးသည့်ဓားများ၊ မျက်နှာဖုံးမျိုးစုံတပ်ထားသည့်လူများသည် လမ်းတွေပေါ် ဥဒဟိုလှုပ်ရှားသွားလာနေဆဲဖြစ်သည်။ ကျွန်တော် ငွေ့ငွေ့လေးဖျားနေပါသည်။
ဖြည်တည်နေဆဲအရာများသည် ကောင်းမွန်လှပါသည်ဟု ဘယ်သူမှ အာမမခံနိုင်ကြပေ။ ပုံပြင်များတွင် ပျော်ရွှင်ဖွယ်ရာမပါခဲ့လျှင် လူတို့အရေးလုပ်ကြမည်မဟုတ်ပေ။ ကျွန်တော်တို့ ကမ်းလွန်ပင်လယ်ပြင်များကို အခေါက်ခေါက်အခါခါ ဖြတ်သန်းခဲ့ဖူးကြပြီ။ နာရီသည်အချိန်ကို ညည်းညူမေးမြန်းသည်။ ကျွန်တော်ဘယ်အချိန်မှာ ရပ်တန့်အနားယူရမှာလဲတဲ့။ ငါကိုယ်တိုင်တောင် ခလုတ်တိုက်ပြီးလဲတယ်မှမရှိတာ ဘယ်အချိန်ရပ်မလဲ ငါလည်းမသိဘူး။ တစ်ချိန်ချိန်ပေါ့ဟု အချိန်၏ ပြန်လည်ဖြေဆိုလိုက်သံကို ကြားလိုက်ရသည်။ ကျွန်တော်ငွေ့ငွေ့လေး ဖျားနေပါသည်။
ညည်းညူထစ်ချုန်းသော၊ ရနံ့ကင်းသော၊ ခဲယဥ်းသော၊ မှော်ဆန်သော၊ ဝေဝါးလေးလံလွန်းသောအရာများ ဆုတံဆိပ်တွေ တစ်ခုပြီးတစ်ခုမက ကျွန်တော်တို့ရခဲ့ပြီးပြီ။ ဆက်၍ ငိုချင်ကြဆဲ။ ဆက်၍ရယ်ချင်ကြဆဲသာ။ အမှန်တကယ်တော့ လောကဟာ အငိုပါ။ အခါးပေါ်မှာ အချိုအုပ်ထားသလို အငိုပေါ်မှာ ရယ်မောပျော်ရွှင်ခြင်းအနည်းငယ်ဖြူးထားရုံလေးသာ။
အမြဲတစေဖြတ်သန်းနေရသော ပင်လယ်ကူးသင်္ဘောများ၊ ငါးမန်းများ၊ ရေဘဝဲများ၊ ပုစွန်၊ ကြယ်ငါးလေးများကအစ ရပ်တန့်မနေကြပါ။ ညောင်းညာသည်ဆိုပြီး မညည်းညူကြ။ ကျွန်တော်တို့သာ အခါခါညည်းညူနေကြသည်။
ဆင်ခြင်ဉာဏ်၊ ယုတ္တိဗေဒနှင့် ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်များ။ အလေနတော၊ အသိမ်အဖျင်းများနှင့် ပူမှုဆယ်ကုဋေများ။
ကျွန်တော်သည် ငွေ့ငွေ့လေးဖျားနေတုန်းပင် ဖြစ်ပါသည်။ စွယ်တော်ပင်၌ လိပ်ပြာလှလှများနားကြပြီ။ အကြင်နာလေပြည် ပြေပြေလေး လှိုင်းခတ်လာသည်။ ချစ်သူတို့၏ နှလုံးသားထောင့်စွန်းတိုင်း၌ ဆင်တူဖဲကြိုးဝါလေးများရှိပါသည်။
အသင်လောကကြီးကော နေကောင်းရဲ့လား မသိ။ ကျွန်တော်ကတော့ ငွေ့ငွေ့လေး ဖျားနေတုန်းပင် ဖြစ်ပါသည်။
မိုဃ်းဇက်သော်
The Tanintharyi Times
