မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲနဲ့ NUG ဖယ်ထုတ်မှရမယ့် ကကြီးတွေ

မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲနဲ့ NUG ဖယ်ထုတ်မှရမယ့် ကကြီးတွေ

 ပြီးခဲ့တဲ့ မတ်လ ပထမပတ်အတွင်း ဘီလာရုစ်နိုင်ငံ ခရီးစဉ်မှာ ထုတ်ဖော်ပြောဆိုထားခဲ့တဲ့ ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်မယ့်ရက်နဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နေပြည်တော်မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးညီ လာခံကာလ ဇွန်လ ၂၅ ရက်မှာ ထပ်လောင်းထုတ်‌ဖော်ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ထုတ်ဖော်ပြောဆိုချက်အရ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ဒါမှမဟုတ် ဇန်နဝါရီလထဲမှာ ကျင်းပပြုလုပ်မယ့် သဘောရှိနေတာဖြစ်ပါတယ်။

စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အကောင်အထည်မပေါ်ဘဲ အချိန်ကာလတွေ တစ်ခုပြီးတစ်ခု ပြောင်းလဲနေတာမို့ အခုရွေးကောက်ပွဲလည်း အလားတူ အကောင်အထည်ပေါ်လာမှာ မဟုတ်ဘူး လို့ တွေးထင်စရာရှိပေမဲ့ သူ့ရဲ့နောက်ဆုံးဂယ်ပေါက်ဆီကို မရောက်ရောက်အောင် တရွေ့ချင်း ရွှေ့လာနေတဲ့ စစ်ခေါင်းဆောင်ရဲ့အစီအမံနဲ့ သူ့ကိုအပြည့်အဝ ထောက်ခံပံ့ပိုးပေးနေတဲ့ တရုတ်နဲ့ရုရှားတို့ရဲ့ အကူအညီအရ ဒီတစ်ခါ ရွေးကောက်ပွဲဟာ အမှန်တကယ် အကောင်အထည်ပေါ်မလာနိုင်ဘူးလို့ ယတိပြတ်ပြောဆိုလို့မရပါဘူး။

တစ်ဆက်တည်းမှာပဲ စစ်ခေါင်းဆောင် ထုတ်ဖော်ပြောဆိုထားတဲ့ ရွေးကောက်ပွဲကျင်းပမယ့်ခန့်မှန်းရက်ကို ကြည့်မယ်ဆိုရင်လည်း ကာလုံသက်တမ်းတိုးအချိန်ကာလနဲ့ ချိတ်ဆက်ထားပြီး ကာလုံသက်တမ်းအစား သမ္မတသက်တမ်းဘက်ဆီ လှည့်ပြောင်းဖို့ ပြင်ဆင်ထားတဲ့ သဘောမျိုးလည်း ရှိနေတာပါ။

ဒါက စစ်အာဏာသိမ်းမှု လေးနှစ်ပြည့်မတိုင်မီ တစ်ရက်အလို ဇန်နဝါရီလ ၃၁ ရက်မှာ အရေးပေါ်ကာလ သက်တမ်း ကိုခြောက်လထပ်တိုးပြီး စစ်ကောင်စီအဖွဲ့ဝင်တွေကိုပါ အပြောင်းအလဲလုပ်ဆောင်ကာ သူသွားလိုတဲ့ရွေးကောက်ပွဲ ရလဒ်ဆီ မရောက်ရောက်အောင် မောင်းနှင်နိုင်ဖို့လိုအပ်တဲ့ စက်သွားပင်နယံတွေ အားဖြည့်ရှေ့ဆက်ခဲ့တာကိုကြည့် ရင် သိသာစေတာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း ငြိမ်းချမ်းရေးညီလာခံလို အခင်းအကျင်းအပါအဝင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထွက်သိုးမည်းတွေနဲ့ အာဏာငမ်းဖမ်းသူတွေကို ဗဟိုပြုချဉ်းကပ်ထားတဲ့ ပါတီနိုင်ငံရေးပြက္ခဒိန်က အစောပိုင်းမှာမသိမသာရှိနေခဲ့ပေမဲ့ ကာလရွှေ့လျားလာတဲ့အလျောက် ပိုမိုပီပြင်ထင်ရှားလာပြီး ရည်ရွယ်ရာပန်းတိုင်ဆီ တအိအိ လျှောက်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ ရှေ့ရှုချက်ကို သိသာစေပါတယ်။

၁၉၆၂ ခုနှစ်ကစလို့ လက်ရှိ စစ်‌ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်ထိ အဆက်ဆက် စစ်အာဏာသိမ်းခဲ့မှုနဲ့ အဲဒီရဲ့ နောက်ဆက်တွဲအခင်းအကျင်းတွေကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် စစ်တပ်ဟာ ဗျူဟာသုံးခုပေါ်မှာ အဓိက အခြေခံပြီး သူသွားလိုရာလမ်းကြောင်းဆီကို တအိအိ ရွေ့လျားတတ်လေ့ရှိတာကို တွေ့ရမှာပါ။

အဲဒါကတော့ သပ်လျှိုသင်းခွဲတာ ၊ အစွန်းဆုံးဖိနှိပ်ရက်စက်တာ၊ အချိန်ကာလဆွဲဆန့်ကြာရှည်စေတာတွေပါပဲ။  မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုနဲ့ အံတုတော်လှန်မှုတွေကို လေ့လာကြည့်ရင် ဒီအချက်သုံးချက်က ဘယ်လိုမှ ငြင်း ချက်ထုတ်လို့မရတဲ့ စစ်တပ်ရဲ့ ဗျူဟာကျ လုပ်ဆောင်မှုတွေပါပဲ။

အထူးသဖြင့် တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးရေချိန်ဟာ လူပုဂ္ဂိုလ်အပေါ်ဗဟိုပြုမှုများတာ၊ ငါနဲ့မတူငါ့ရန် သူ မူဝါဒထောင်လွှားတာ၊ တာဝေးကာလမှာသက်လုံအားမကောင်းတာစတဲ့ ဖရိုဖရဲအဖြစ်အပျက်တွေက စစ်တပ်အတွက် ဆိုခဲ့တဲ့ဗျူဟာသုံးချက်ကို ကောင်းကောင်းအသုံးချ လုပ်ဆောင်နိုင်စေခဲ့ပြီး သူ့လိုရာပန်းတိုင်ဆီရောက်အောင် လှမ်းတက်နိုင်စေခဲ့တဲ့ သာဓကတွေ သမိုင်းမှာဒုနဲ့ဒေးရှိခဲ့တာလည်း ငြင်းချက်ထုတ်မရတဲ့အကြောင်းရင်း ပါပဲ။

လက်ရှိ နွေဦးတော်လှန်ရေးရဲ့ လေးနှစ်ကျော်ကာလဖြတ်သန်းခဲ့မှုတွေကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်လည်း စစ်တပ်ဟာ သူ့လိုရာပန်းတိုင်ဆီ‌ရောက်နိုင်ဖို့ အထက်က ဗျူဟာသုံးချက်ကို ကောင်းကောင်းအသုံးချ အကောင်အထည်ဖော်နေခဲ့သလို အရံဒုက္ခတရားတွေအဖြစ် စစ်မှုထမ်းစေခိုင်းတာ၊ ပြည်ပထွက်ခွာအလုပ်လုပ်ခွင့်တွေကန့်သတ်တာ၊ စီးပွားရေး၊ လူမှုရေးအကျပ်အတည်းတွေ ပိုမိုဖန်တီးဖြစ်ပေါ်စေတာ၊ ပဋိပက္ခဒေသတွေထဲက အရပ်သား ဧရိယာတွေကို ပြင်းပြင်းထန်ထန် လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ တော်လှန်ရေးအင်အားစုတွေ စိုးမိုးသိမ်းပိုက်ထားတဲ့ နယ်မြေအတွင်း ကုန်စည်စီးဆင်းမှုတွေ ဖြတ်တောက်ပိတ်ဆို့တာ၊ ဆေးဝါးအပါအဝင်အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီသယ်ယူခွင့်တွေ ထိန်းချုပ်တာ စသဖြင့် ဆိုးရွားရက်စက်တဲ့ ကျူးလွန်မှုတွေကို ထပ်တိုးပြုမူရင်း အာဏာတည်မြဲရေးခရီးကို တုံးတိုက်တိုက်ကျားကိုက်ကိုက် လျှောက်နေခဲ့တာပဲဖြစ်ပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံရေး ပဋိပက္ခကြာရှည်လာလေ မြန်မာနိုင်ငံမှာရှိနေတဲ့ သူ့အကျိုးစီးပွား ထိခိုက်မှုပိုမိုကြုံ တွေ့ရလေမို့ ရွေးကောက်ပွဲထွက်ပေါက်ကနေ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထွက်ခွာပြီး စစ်တပ်ဦးဆောင်တဲ့ လွှတ်တော်အခင်းအကျင်းနဲ့ အကျိုးစီးပွားထပ်တိုးတည်ဆောက်လိုတဲ့ တရုတ်အစိုးရဟာ ရွေးကောက်ပွဲကိုမဖြစ် ဖြစ်အောင် အကောင်အထည်ပေါ်ဖို့ ပံ့ပိုးသွားမယ့်သဘောလည်းရှိပါတယ်။

၁၀၂၇ စစ်ဆင်ရေးတွေ ရပ်တန့်သွားအောင် ၊ လားရှိုးဒေသကို စစ်တပ်က ပြန်လည်ဝင်ရောက်နိုင်အောင်၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို ပြည်မတော်လှန်ရေးအင်အားစုတွေနဲ့ ပူးတုံ့ခွာတုံ့အခြေအနေဖြစ်သွားအောင် အပစ်ရပ်ဆွေးနွေးမှု ခေါင်းစဉ်အောက်ကနေ စီမံခန့်ခွဲနေမှုကို ကြည့်ရင်လည်း အကျိုးစီးပွားတစ်ခုတည်း ကလွဲရင် ဘာကိုမှကြည့်ရှု့လေ့မရှိတဲ့ တရုတ်အစိုးရရဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းပေါ် မူဝါဒရပ်တည်ချက်ကို ပိုပြီး သိသာစေပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ခွင့်ပြုထားတဲ့ ရွေးကောက်ပွဲဝင်ခွင့်ရှိတဲ့ ပါတီ ၅၄ ပါတီက ကိုယ်စားလှယ်တွေကို တရုတ်ပြည်ဆီ လေ့လာရေးခရီးခေါ်ဆောင်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်နေတာကို ကြည့်ရင်လည်း ဒီအချက်က အထင်အရှားဖြစ်ပါတယ်။

တောမီးလောင် တောကြောင်လက်ခမောင်းခတ်လို့ပဲ ဆိုဆို ၊ သူတော်ချင်းချင်းသတင်းလွှေ့လွှေ့လိုပဲပြောပြော စစ် အာဏာရှင်လက်ထက်အလွန် မြန်မာနိုင်ငံအတွင်း နျူကလီးယားစွမ်းအင်စီမံကိန်းအပါအဝင် စစ်လက်နက်ပစ္စည်း ဆိုင်ရာစီမံကိန်းတွေကို အကောင်အထည်ဖော်လိုတဲ့ ကရမလင်နန်းတော်အတွက်ကလည်း  တစ်ကမ္ဘာလုံးနဲ့တစ်ယောက် အစား တစ်ကမ္ဘာလုံးနဲ့နှစ်ယောက်အဖြစ် စစ်ခေါင်းဆောင်ရဲ့လိုရာခရီးကိုအရောက်ပို့ဖို့ အသေအချာရှိနေ ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံခရီးစဉ်အတွင်း ချုပ်ဆိုခဲ့တဲ့ စီမံကိန်းပေါင်း ၅၀ ကျော်ပါဝင်တဲ့ နှစ် နိုင်ငံနားလည်မှုစာချွှန်လွှာတွေ အပါအဝင် သဘောတူညီမှုတွေကိုကြည့်ရင် သိသာစေပါတယ်။

ဒီနေရာမှာ အာဆီယံရဲ့ အခင်းအကျင်းကို ကြည့်မယ်ဆိုရင်လည်း ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက အာဆီယံအထူးသံတမန်ရဲ့ နေပြည်တော် ခရီးစဉ်နောက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် အတိုက်အခံအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ ခပ်စိပ်စိပ်တွေ့ဆုံမှုတွေရှိနေပေမဲ့ အဲဒီတွေ့ဆုံမှုတွေရဲ့ အဆုံးပိတ်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုတာနဲ့ စစ်ခေါင်းဆောင်ရဲ့ ‌ရွေးကောက်ပွဲကို အ‌ ကောင်အထည်ပေါ်စေလာဖို့ ရေလောင်း‌ပေါင်းသင်မှုကလွဲလို့ ထူးခြားတဲ့ အဖြေရလဒ်ရှိမနေခဲ့ပါဘူး။

အာဆီယံရဲ့ ဖြစ်တည်မှုကကို အာဏာရှင်အဓွန့်တည်တံ့ရေးဦးစားပေးမို့ ဒီအခင်းအကျင်းက ပြေးကြည့်စရာမလို အောင်သေချာနေတဲ့အကြောင်းလို့ ဆိုရင်လည်းရမှာဖြစ်ပါတယ်။ အနီးစပ်ဆုံး ဥပမာပြရရင်ဟွန်ဆန်နဲ့ပေတုန်တန် ရဲ့ အဖြစ်သနစ်က အထင်အရှားပါပဲ။

အလားတူ မြန်မာနဲ့ အဓိကအိမ်နီးချင်းနဲ့စီးပွားရေးပါတနာတွေဖြစ်တဲ့ အိန္ဒိယရဲ့သဘောထားကလည်း မင်းအောင် လှိုင်အပေါ် တရုတ်နဲ့ရုရှားလောက် သိသိသာသာထုတ်ဖော်မပြောပေမဲ့ အာဆီယံရဲ့မူငါးချက်ကို နောက်မြီးဆွဲရှိနေခဲ့တာပဲဖြစ်ပါတယ်။
ဆိုခဲ့တဲ့ အချက်တွေအားလုံးကို အလုံးစုံပြန်လည်ခြုံငုံ ကြည့်မယ်ဆိုရင် မြန်မာ့နိုင်ငံရေးအကျပ်အတည်းအပေါ် အဓိက ပါဝင်ပတ်သက်နေကြသူတွေရဲ့ အကောင်အထည်ဖော်ဆောင်လိုမှု လမ်းကြောင်းဟာ အတော့်ကိုမှ သိသာထင် ရှားနေခဲ့ပြီး နွေဦးတိုက်အိမ်ဟာ လေထဲဆောက်နေရဆဲအခြေအနေဆိုတာ ပါဝင်ပတ်သက်နေသူတွေအမှန်မြင်နိုင်ဖို့ လိုအပ်နေတဲ့အချက်လို့  ဆိုရမှာဖြစ်ပါတယ်။
 
ဒီနေရာမှာ စစ်အာဏာရှင် အမြစ်ပြတ်ရေး၊ စစ်အာဏာရှင်တော်လှန်ရေးအတွက် ဦးဆောင်ဦးရွက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ဦးဆောင်မှုအခန်းကဏ္ဍရှိသူတွေရဲ့ အကောင်အထည်ဖော်ဆောင်နိုင်မှုနဲ့ လုပ်ငန်းဆောင်တာ အကျိုးအကြောင်းတွေကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင်လည်း အထက်မှာဆိုခဲ့တဲ့ စစ်ကောင်စီရဲ့ဗျူ ဟာသုံးချက်မှာ ပိတ်မိနေရင်း သမိုင်းဝဲဩဃကနေ ရုန်းမထွက်နိုင်ဘဲ ရှိနေခဲ့တာပဲဖြစ်ပါတယ်။
 
ဒါက ဘာကို ညွှန်းဆိုပြနေသလဲလို့ဆိုတဲ့အခါ ရထားနှစ်စင်းနဲ့ ဥပမာပြုရရင် စစ်ကောင်စီဟာ သူ့ရဲ့ စာပို့ရထားကို ဖြည်းဖြည်းမှန်မှန်မောင်းရင်း၊ လိုအပ်တာပြင်ဆင်ရင်း တစ်ဖက်မှာသွားနေပြီး၊ တစ်ဖက်တော်လှန်ရေးအင်အားစုတွေရဲ့ ရေနွေးငွေ့စက်ခေါင်းရထားဟာ အစမှာ ဟုတ်..ဟုတ်..ဟုတ် အသံပေးလို့ တာထွက်လာရင်းကနေ လမ်း ခရီးအလယ်ရောက်တဲ့အခါ မဟုတ်..မဟုတ်.. မဟုတ် လို့ ပြောင်းလဲလာတဲ့ မြည်သံမျိုးလိုပါပဲ။(အဆုံးသတ် ဘူတာဆိုက်ချိန် မဟုတ်… မဟုတ်.. မဟုတ် ဆိုပြီး ဆုံးမသွားဖို့ မျှော်လင့်ရတာပါပဲ။) ဒီအချက်က စစ်ကောင်စီရဲ့ ရွေး ကောက်ပွဲနဲ့ပတ်သက်လို့ ထုတ်ပြန်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်တွေက သက်သေပါပဲ။
 
ဘယ်လိုပဲ ဖြစ်ဖြစ် အရာအားလုံးကို လက်တွေ့ကျကျ သုံးသပ်ရှုမြင်မယ်ဆိုတဲ့အခါ တော်လှန်ရေးအဓွန့်ရှည်ရင်း လိုအပ်သလို ခရီးမရောက်တဲ့ အကျိုးဆက်ကို  ဦးဆောင်ဦးရွက်ပြုသူတွေ ပြန်လည်ဆင်ခြင်ရမှာပဲဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ‘ကြားကောင်းအောင်ပြောတာ၊ ကြည့်ကောင်းအောင်စီစဉ်တာ၊ ကြုံသလိုလုပ်တာ၊ ကျန်တာနောက် မှ ဖြေရှင်းတာ’ ဆိုတဲ့ ကကြီးတွေကို ဦးဆောင်ဦးရွက်သူတွေကြားဖယ်ထုတ်မှ ဖြစ်ကိုဖြစ်မယ်ဆိုတာ နားလည်ဖို့လို အပ်တယ်ဆိုတာပါပဲ။
 
မဟုတ်ရင်တော့ ပြည်သူတွေ သွေးမြေကျပေးဆပ်ခဲ့ရမှုတွေအားလုံး အဟောသိကံ ဖြစ်သွားမလားဆိုတာရယ် ၊ ပြည်သူတွေရဲ့ဘဝဟာ ကျားသနားမှနွားချမ်းသာရတဲ့အဖြစ်လို ကာလအကြာကြီး ရှိနေရစ်ဦးမယ်ဆိုတာရယ် အသေအချာ ဖြစ်ပျက်နေဦးမှာပါပဲ။

မာအောင်

The Tanintharyi Times