ပေါင်မြို့နယ်မှာ ဆယ်နှစ်ဝန်းကျင်မိန်းကလေးငယ် ၃ဦး ရေနစ်သေဆုံး
ပေါင်မြို့နယ်မှာ ဆယ်နှစ်ဝန်းကျင်မိန်းကလေးငယ် ၃ဦး ရေနစ်သေဆုံး
ကျောက်မိုင်းတူးထားတဲ့ရေကန်မှာ ဆယ်နှစ်ဝန်းကျင် မိန်းကလေးငယ်သုံးဦး ရေနစ်ပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖလပ်ကျေးရွာမှာ ဒီကနေ့ဖြစ်ပွါးခဲ့ပါတယ်။
သေဆုံးသူတွေဟာ အသက် ၉နှစ်အရွယ် မဖြိုးသီရိ၊ အသက် ၁၁နှစ်အရွယ် မစိုးပြည့်ပြည့်စံနဲ့ အသက် ၁၂နှစ်အရွယ် မခိုင်ဒါသိန်းတို့ဖြစ်ကြပါတယ်။
ဖလပ်ကျေးရွာ၊ အဝေးပြေးကားလမ်း မိုင်တိုင် အမှတ် ၁၆၉/၁ အနီးမှာရှိတဲ့ ကျောက်မိုင်းတူးထားတဲ့ရေကန်ထဲမှာ ဒီနေ့နေ့လည် ၁၂ နာရီဝန်းကျင်အချိန်က ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ ပေါင်မြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။
သူတို့ဟာ ဒီနေ့မနက်ပိုင်းက တောရကျောင်းကိုဆွမ်းပို့ဖို့ အိမ်မှထွက်သွားတာဖြစ်ပြီး နေ့လည်ပိုင်းမှာမှ ရေအိုင်အနီး ဖိနပ်တွေကိုတွေ့လို့ ရေကန်ထဲဆင်းရှာကြချိန် သေဆုံးနေတဲ့ အလောင်းတွေကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။
သူတို့ရဲ့အလောင်းတွေကိုတော့ ပေါင်မြို့နယ်ဆေးရုံကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေကပို့ဆောင်ပေးခဲ့ပါတယ်။
The Tanintharyi Times
