ထားဝယ်မှာ တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ သုံးရက်ဆက်တိုက် ဖြစ်ပွားနေ
ထားဝယ်မှာ တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ သုံးရက်ဆက်တိုက် ဖြစ်ပွားနေ

တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့လေကြောင်းကပစ်ခတ်တိုက်ခိုက်တာတွေ ထားဝယ်မြို့နယ်ထဲမှာ ဖြစ်ပွါးနေတာ သုံးရက်ဆက်တိုက်ရှိနေပါပြီ။
အခုလ ၁၀ ရက်နေ့ကတည်းက ကုန်းကော၊ လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်ရှိနေတဲ့ ထားဝယ်မြို့နယ်ထဲက အရှေ့တောဒေသမှာ ဒီကနေ့မနက် ၁၀ နာရီကျော်လောက်ကလည်း စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီး ရောက်လာပြီး ပစ်ခတ်ခဲ့ပါတယ်။
“တိုက်လေယာဥ်က ပျဥ်းသားတောဖက် ခေါင်းကြီး စောင်းပြီး နိမ့်ဆင်းသွားတာ။ ပြီးတာနဲ့ ပစ်သံတွေ အကြီးအကျယ်ကြားတာပဲ” လို့ ပျဥ်းသားတောရွာအနီးမှာရှိနေတဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပြောပြချက်အရ အရှေ့တောဒေသထဲက ပျဥ်းသားတောကျေးရွာတဝိုက်ကို စက်သေနတ်နဲ့ လာရောက် ပစ်ခတ်သွားတာက စစ်ကောင်စီရဲ့ K-8W တိုက်လေယာဉ်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီပစ်ခတ်မှုပြီးနောက် ညနေ ၃ နာရီကျော်လောက်မှာလည်း တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ မြေးခံဘော်ကျေးရွာကို K-8W တိုက်လေယာဥ်တစ်စီး ထပ်မံရောက်ရှိလာပြီး စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာမျိုး လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် မြေးခံဘော်ရွာထဲက နေအိမ်တစ်ဆောင်ပျက်စီးပြီး အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့မနက်ပိုင်းကစလို့ နှစ်ဖက်ပစ်ခတ်သံတွေထွက်ပေါ်နေတဲ့ မေတ္တာမြို့တဝိုက်ကိုလည်း မနက် ၁၁ နာရီဝန်းကျင် လောက်မှာ တိုက်လေယာဉ်တစ်စီးက ဗုံးသီးတွေကြဲချခဲ့တယ်လို့ KNU တပ်မဟာ (၄) ရဲ့မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။
ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာက နည်းပညာတက္ကသိုလ်အနီးမှာလည်း ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ပွါးရာ စစ်ကောင်စီတိုက်လေယာဥ်တစ်စီးရောက်လာပြီး လာဝဲသွားပေမဲ့ ပစ်ခတ် တိုက်ခိုက်တာတော့ မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့ဖြစ်ပွားခဲ့တဲ့ မေတ္တာနဲ့ မောင်မယ်ရှောင်ရွာကတိုက်ပွဲဖြစ်စဥ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ K8-W တိုက်လေယာဉ်တွေဟာ မြိတ်လေတပ် စခန်းဌာနချုပ်နဲ့ ထားဝယ်လေဆိပ်မှာ ပြန်လည် ဆင်းသက်တာတွေ ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
မနေ့က မနက်ပိုင်းမှာလည်း မေတ္တာမြို့တဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သလို ထားဝယ်-ထီးခီးလမ်းပေါ်ကကျောက်မဲတောင်ရဲစခန်းမှာလည်း နှစ်ဖက်တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU တပ်မဟာ (၄) ရဲ့မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွါးတဲ့ မေတ္တာမြို့ထဲကို K-8W တိုက်လေယာဥ်နဲ့ ဗုံးသီးအများအပြား နှစ်ကြိမ်ကြဲချသွားတယ်လို့ ပဒိုအယ်နားရဲ့ပြောပြချက်အရသိရပါတယ်။
“လေကြောင်းကြောင့် လူသေဆုံးတာတော့ မကြားရသေးဘူး။ အိမ်တွေပျက်စီးတာတော့ရှိနိုင်တယ်။ မေတ္တာဘက်ကအခြေအနေကိုတော့ မသိရသေးဘူး” လို့ ပဒိုစောအယ်နားက ပြောပါတယ်။
အခုလ ၁၀ ရက်နေ့ကလည်း မေတ္တာမြို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံးကာ KNLAနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ရဲဘော် ၃ ဦးကျဆုံးခဲ့တယ်လို့ စောမှူးဂေဆီက သိရပါတယ်။
တနင်္သာရီတိုင်းမှာ ထားဝယ်မြို့နယ် အရှေ့တောဒေသဟာ အခုလအတွင်းမှာစစ်ရေးအရှိန်အမြင့်ဆုံးဒေသဖြစ်လာပြီး စစ်ကောင်စီဘက်ကလည်း တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ဆယ်ကြိမ်ထက်မနည်းလုပ်ဆောင်ခဲ့ပါတယ်။
The Tanintharyi Times