ရဲစခန်း၊ တပ်စခန်းနဲ့ ဒုရဲမှူးတစ်ဦးကို ရေးပြောက်ကျားတပ်ဖွဲ့ တစ်နေ့တည်း ပစ်ခတ်တိုက်ခိုက်ခဲ့

ရဲစခန်း၊ တပ်စခန်းနဲ့ ဒုရဲမှူးတစ်ဦးကို ရေးပြောက်ကျားတပ်ဖွဲ့ တစ်နေ့တည်း ပစ်ခတ်တိုက်ခိုက်ခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က မနေ့က တစ်နေ့တည်းမှာတင် ရဲစခန်း၊ တပ်စခန်းနဲ့ ဒုရဲမှူးတစ်ဦးကို ပစ်ခတ်၊ တိုက်ခိုက်ခဲ့တယ်လို့ ၎င်းအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

မနေ့ က မနက် ၁ နာရီခန့်မှာ လမိုင်းမြို့နယ်၊ နှစ်ကရင်ကျေးရွာမှာရှိတဲ့ နယ်မြေရဲစခန်းကို ဝင်ရောက်စီးနှင်းနိုင်ခဲ့ပြီး အဆိုပါ နယ်မြေအတွင်းမှာရှိတဲ့ အဆာက်အဦတွေနဲ့ ပစ္စည်း အချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

ဝင်ရောက်စီးနှင်းချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေ ထွက်ပြေးခဲ့တဲ့ အတွက် အပြန်အလှန်ပစ်ခတ်မှုနဲ့ ထိခိုက်သေဆုံးမှုတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဆက်လက်ပြီး မနက် ၆ နာရီခွဲမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်နေတဲ့ ရေးမြို့နယ်၊ ကြိုးတံတားရွာမှာရှိတဲ့ တပ်စခန်းတစ်ခုကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီပစ်ခတ်မှုမှာတော့ နှစ်ဖက်ပြန်လှန်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)ရဲ့ လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း ခမရ (၅၈၈) တပ်ရင်းကနေ လက်နက်ကြီးနဲ့ အချက်ရေအများအပြား ပစ်ကူပေးခဲ့တဲ့အတွက် တိုက်ပွဲကနေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုမှာ‌တော့ စစ်ကောင်စီတပ်သားတွေဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ရေးပြောက်ကျားတပ်ဖွဲ့က အဖွဲ့သားတွေအနေနဲ့ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနေ့ည ၈ နာရီဝန်းကျင်မှာတော့ ရေးခရိုင်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုရဲမှူး လှိုင်မင်းသန့်ကို ရေးမြို့နယ်၊ အောင်သုခရပ်ကွက်မှာရှိတဲ့ အုန်းတော တစ်နေရာမှာ ပစ်သတ်ခဲ့တယ်လို့ အဖွဲ့ခေါင်းဆောင် ဗိုလ်ကျန်ရစ်က သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ရေးသားထားပါတယ်။

ပစ်ခတ်ခံရသူ ဒုရဲအုပ်ဟာ အကြော်ရောင်းနေသူရဲ့ ခေါင်းကို ပစ်စတိုနဲ့ ချိန်ပြီး လက်နက်အားကိုးနဲ့ အကြော်လုစားခဲ့တဲ့သူ ဖြစ်တယ်လို့လည်း ညွှန်းဆိုထားပါတယ်။

ရေးပြောက်ကျားအဖွဲ့ဟာ လွန်ခဲ့တဲ့ နှစ်ရက်ခန့်ကလည်း ရေးမြို့နယ်မှာတာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီထောက်လှမ်းရေးဗိုလ် ဆိုသူတစ်ဦးကို ပစ်သတ်ခဲ့သလို ကြိုးတံတားကျေးရွာထိပ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ပစ်ခတ်၊ တိုက်ခိုက်ခဲ့ပါတယ်။

The Tanintharyi Times