ထားဝယ်က ကျဆုံးရဲဘော်တစ်ဦးရဲ့ အလောင်းကို စစ်ကောင်စီတပ်တွေယူဆောင်သွား
ထားဝယ်က ကျဆုံးရဲဘော်တစ်ဦးရဲ့ အလောင်းကို စစ်ကောင်စီတပ်တွေယူဆောင်သွား
ထားဝယ်မြို့နယ်မှာ တိုက်ပွဲအတွင်းကျဆုံးသွားတဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ရဲဘော်အလောင်းကို စစ်ကောင်စီတပ်သားတွေက သယ်ယူသွားတယ်လို့ တပ်ရင်းဘက်က ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ အလောင်းကိုပြန်ထုတ်မပေးတာမျိုးရှိပေမဲ့ သေဆုံးပြီးသားအလောင်းကို တပ်ရင်းထဲကို သယ်ဆောင်သွားတဲ့ ဖြစ်စဥ်ကတော့ တနင်္သာရီတိုင်းအတွင်းမှာ ပထမဆုံးအကြိမ် ကြားရတာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးလေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
ရဲဘော်ရဲ့အလောင်းကိုယူသွားတာနဲ့ ပတ်သက်ပြီး မိခင်တပ်ရင်းဖြစ်တဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်ဘက်ကလည်း ဘာကြောင့်သယ်ယူသွားတယ်ဆိုတာကို မသိရကြောင်းဆိုပါတယ်။
“အဲဒီမတိုင်က စစ်ဆင်ရေးတွေမှာ သူတို့အထိနာထားတော့ DNLAနဲ့ YPPDF ကိုအညှိုးထားနေတယ်။ ဒီအဖွဲ့တွေကို သူတို့ဘက်က အသေရရအရှင်ရရဆိုပြီးလည်း ဖြစ်နေတာကြားရပါတယ်။ ဒါကြောင့်လည်း DNLA ရဲဘော်ဆိုတာနဲ့ သယ်သွားပြီး အစီရင်ခံဖို့အတွက်လားလို့ပဲ ခန့်မှန်းပါတယ်” လို့ DNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ မောင်ထွေးဆက်ပြောပါတယ်။
အခုလ ၅ ရက်နေ့က စစ်ကောင်စီတပ်က အင်အား ၃၀၀ ဝန်းကျင်လောက်နဲ့ ထားဝယ်မြို့ နယ်က ရေဝိုင်းလမ်းအတိုင်း စစ်ကြောင်းထိုးဝင်ရောက်လာချိန် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်က ရဲဘော်တချို့နဲ့ ရဲအိုင်ရွာအနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီပစ်ခတ်မှုအတွင်းမှာ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်က အသက် ၂၀ ဝန်းကျင်အရွယ် ရဲဘော်လေးလေး ကျည်ထိမှန်ပြီး ကျဆုံးခဲ့တာပါ။ ရဲဘော်ကျဆုံးပြီးနောက်မှာပဲ အလောင်းကို ကားနဲ့တင်ပြီး သယ်ဆောင်သွားတယ်လို့ မိခင်တပ်ရင်းဘက်ကပြောပါတယ်။
“ကားပေါ်ဆွဲတင်ပြီး လမ်းအတိုင်းမောင်းထွက်သွားတာပါ။ ဘယ်တပ်ရင်းထဲကိုလည်းတော့ မသိရဘူးဗျ။ လမ်းအတိုင်းမောင်းထွက်သွားတယ်။ အလောင်းကို အခုထိပြန်မရပါဘူး” လို့ DNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ မောင်ထွေးကဆက်ပြောပါတယ်။
ကျဆုံးရဲဘော် လေးလေးရဲ့ အလောင်းမရှိဘဲ စျာပနနဲ့ အမိန့်ပြန်တမ်းကြေညာခဲ့ရတယ်လို့လည်း တပ်ရင်းဆီကသိရပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကတော့ အခုလ ၅ ရက်နေ့က ပစ်ခတ်မှုအတွင်း PDF တစ်ဦးသေဆုံးပြီး သေနတ်နဲ့ ကျည်ဆံတွေသိမ်း မိခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲဒီစစ်ကြောင်းဟာ အခုလ ၇ ရက်နေ့မှာတော့ ရေဝိုင်းရွာအနီးက တံတားတစ်စင်းကို မိုင်းခွဲဖျက်ဆီးပြီး နောက်တစ်ရက်မှာပဲ စစ်ကြောင်း ပြန်လည်ထွက်ခွာသွားတယ်လို့ တော်လှန်ရေး တပ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
The Tanintharyi Times
