မော်လမြိုင်မြို့က စက်သုံးဆီအရောင်းဆိုင်တွေ အကန့်အသတ်နဲ့ရောင်းချနေသော်လည်း ပြင်ပ ဆိုင်တွေမှာလိုသလောက်ရ
မော်လမြိုင်မြို့က စက်သုံးဆီအရောင်းဆိုင်တွေ အကန့်အသတ်နဲ့ရောင်းချနေသော်လည်း ပြင်ပ ဆိုင်တွေမှာလိုသလောက်ရ
စက်သုံးဆီ ပြတ်လပ်မှုကြောင့် မော်လမြိုင်မြို့အတွင်းက စက်သုံးဆီအရောင်းဆိုင်တွေ အကန့်အသတ်နဲ့ သာရောင်းချနေပေမယ့် ပြင်ပစျေးကွက်မှာတော့ လိုသလောက်ဝယ်ယူလို့ရကာ ဓာတ်ဆီ တစ်လီတာကို ၄၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်ထိ ရှိတယ်လို့ သိရပါတယ်။
ဆီပြတ်လပ်မှု ဖြစ်ပေါ်လာပြီးနောက် ရေသန့်ဘူးခွံ နဲ့ရောင်းချတဲ့ ပြင်ပဓာတ်ဆီဆိုင်တွေ ပြန်လည်ပေါ်ပေါက်လာပြီး 95 တစ်လီတာ ၆၀၀၀ ကျပ်နီးပါးနဲ့ ရောင်ချနေမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
“အပြင်မှာ ဗူးနဲ့ရောင်းနေတဲ့ဆိုင်တွေမှာ ရေသန့်ဘူးနဲ့ တစ်ဘူးကို ၆၀၀၀ ပေးရတယ်။ ဗူးကြီးဆိုရင် ၁၀၀၀၀ ရှိတယ်။ အရေးပေါ် ဆီလိုအပ်တဲ့ သူတွေကတော့ မှောင်ခိုရောင်းတဲ့နေရာတွေမှာ သွားပြီးဝယ်ကြတယ် ကြားတယ်။ အဲ့မှာက လိုသလောက်ကိုရောင်းပေးတာ ဈေးက နှစ်ဆလောက်ပေးရတယ်” လို့ မော်လမြိုင်မြို့ ဒေသခံ တစ်ဦးကပြောပါတယ်။
စက်သုံးဆီအရောင်းဆိုင်တွေမှာ ဝယ်ယူပြီး ပြင်ပမှာပြန်လည်ရောင်းချမှုတွေရှိနေတဲ့အတွက် ဆီဆိုင်တွေမှာ တန်းစီဝယ်ယူနေရတယ်လို့ မော်လမြိုင်ဒေသခံတစ်ဦး ကဆိုပါတယ်။
လက်ရှိ မော်လမြိုင်မြို့က စက်သုံးဆီ အရောင်းဆိုင်တွေမှာ အောက်တိန်း 95 တစ်လီတာ ၂၆၃၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၂၅၁၅ ကျပ်၊ ပရိမီယံ ဒီဇယ် တစ်လီတာ ၂၃၂၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၂၆၀ ကျပ် ရှိနေတာ ဖြစ်ပါတယ်။
ပြင်ပက လက်ကားဆီရောင်းဝယ်တဲ့ နေရာတွေမှာတော့ ဓာတ်ဆီ တစ်လီတာကို ၄၀၀၀ ကျပ်၊ ရေသန့်ဘူးခွံ နဲ့ ရောင်းချတဲ့ ဆိုင်ငယ်တွေမှာတော့ ဓာတ်ဆီ တစ်လီတာ တစ်ဗူး ၆၀၀၀ ကျပ်တွေနဲ့ ဈေးမြင့် ရောင်းချမှုတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ ပြီးခဲ့တဲ့ရက်ကမှ လိုင်စင်မရှိဘဲ စက်သုံးဆီ ဂါလံ ၅၀ အထက်သိုလှောင်ထားပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မြို့ အပါအဝင် မြို့နယ်အလိုက် ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး စက်သုံးဆီ အရောင်းဆိုင်အများစုက အရောင်းရပ်နားထားကာ ဆီဆိုင်အချို့က အကန့်အသက်ဖြင့်သာ ရောင်းချပေးနေတာ ဖြစ်ပါတယ်။
Connect Burma
The Tanintharyi Times
